(၅၃)

1K 235 50
                                    


"ဘာပဲဖြစ်ဖြစ် ရောက်လာပြီဆိုမှတော့လည်း ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းပဲပြောကြတာပေါ့ဗျာ"

လေဆိပ်ရှိကော်ဖီဆိုင်ထဲတွင်ထိုင်နေသော ရွှမ်းကျီးက စားပွဲပေါ်တွင်တင်ထားသော ကော်ဖီပူပူနှစ်ခွက်အနက်မှ တစ်ခွက်ကို ကူယွဲ့ရှီးထံသို့တွန်းပို့ပေးလိုက်ပြီး ထို့နောက်တွင်မူ သူ့ခွက်ထဲသို့ စတင်၍သကြားများထည့်လိုက်သည်။ ယခုတလော သူကောင်းကောင်းအိပ်မပျော်သောကြောင့်ဖြစ်နိုင်သည်။ အမြဲတစေချမ်းစိမ့်စိမ့်ဖြစ်နေသလိုခံစားရပြီး သူမြင်သမျှအရာအားလုံးထံမှ အနွေးဓာတ်လေးများကိုငှားယူချင်နေတာဖြစ်သည်။ ကယ်လိုရီများသောအစားအစာများကိုလည်း အမြဲတစေအာသီသရှိနေပြန်သည်။

"ကျွန်တော်က ယွီယန်ကိုသွားမလို့။ သေချာပေါက် ခင်ဗျားလည်း အဲဒီနေရာကိုသွားမယ့်ပုံပဲ။ ဒီခရီးရဲ့ ဦးတည်ချက်လမ်းဆုံးက တစ်နေရာတည်းပဲရှိတာဆိုတော့"

ကူယွဲ့ရှီးက အသံတစ်ချက်မှမထွက်ပေ။ သူမ၏နှာတံမှာ သွယ်လျပြီး နှုတ်ခမ်းလွှာများကိုမူ တင်းကြပ်စွာစေ့ပိတ်ထားသည်။ သူမမှာ မူလကတည်းက အေးတိအေးစက်နေတတ်သူတစ်ဦးဖြစ်ပြီး စကားမပြောဘဲနှုတ်ဆိတ်‌နေချိန်တွင် တစ်စုံတစ်ခုကိုသတိထားစောင့်ကြည့်နေသည့်ပုံစံမျိုးပေါက်နေသည်။

သို့ဖြစ်ရာ ရွှမ်းကျီးကထပ်ပြောလိုက်သည်။

"သစ်တောဥယျာဉ်ထဲမှာတုန်းက ဘယ်ကနေဆက်လာမှန်းမသိတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ကျွန်တော်တို့ဖမ်းချုပ်လို့ရခါနီးဖြစ်နေတဲ့ လူသား-မိစ္ဆာကလွတ်မြောက်သွားခဲ့တယ်။ ဒါရိုက်တာရှောင်းရဲ့ဆံပင်တွေတောင်မှ ဒီနေ့ဒီအချိန်ထိ ပြန်ပေါက်မလာသေးဘူး။ ယွဲ့သယ်ဘိုးဘိုးတို့အုပ်စုဆီမှာလည်း သုတေသနဌာနကတောင် ပြည်သူလူထုကိုတရားဝင်ကြေညာချက်မထုတ်ပြန်ရသေးတဲ့ မစ်သရေးလ်လက်နက်အသစ်တွေရှိနေတယ်။ သုံးချွမ်းမှောင်ခိုဈေးမှာတုန်းကလည်း ကျွန်တော်တို့လက်ရဖမ်းဆီးထားမိတဲ့ သံသယတရားခံတွေဟာ ကျွန်တော်တို့ရဲ့မျက်စိရှေ့မှောက်မှာပဲ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီးအဆုံးစီရင်သွားကြတယ်__ကျွန်တော်တို့အထဲမှာ သေချာပေါက်ကိုအတွင်းလူသစ္စာဖောက်တစ်ယောက်ရှိကိုရှိရမယ်၊ ဒုခေါင်းဆောင်...ကျွန်တော်လည်း ခင်ဗျားကိုသံသယဝင်နေတာပဲ"

သောကမီးလျှံWhere stories live. Discover now