(၁၃)

1.6K 380 20
                                    

မိုးကြိုးမုန်တိုင်းများရပ်ဆဲသွားပြီးချိန်မှာတော့ မြောက်မြားလှစွာသော အိုဇုန်းဓာတ်များက ချိယွမ်းချောက်နက်ကြီးအပေါ်တွင် အုပ်လွှမ်းသွားကြသည်။ ပူဆွေးယဇ်ပူဇော်ပွဲကြီး လွင့်စင်ပျောက်ကွယ်သွားပြီးနောက် ဝရုန်းသုန်းကားဖြစ်နေခဲ့သော သန္ဓေပြောင်းသစ်ပင်များသည်ကား ဖြည်းဖြည်းချင်းသေဆုံးသွားကြလေ​တော့သည်။ သူတို့၏ သက်စောင့်ဓာတ်များကုန်ခမ်းသွားသည့်အလား အကိုင်းအခက်များနှင့်သစ်ရွက်များက ညှိုးလျော်ခြောက်သွေ့လို့သွားကာ ဟိုတစ်စသည်တစ်စပြန့်ကြဲနေရင်း ရေစီးနှင့်အတူမျောပါသွားကြရှာ၏။ DCO ကတော့ စိတ်ချလက်ချမနေရဲသေးပါချေ။ ကွင်းဆင်းဝန်ထမ်းအဖွဲ့များက ချိယွမ်းချောက်နက်ကြီးအတွင်း သွားလိုက်လာလိုက်ဖြင့် စောင့်ကြည့်ကင်းလှည့်နေကြဆဲဖြစ်သည်__ထိုအရာများသည်ကား ရွှမ်းကျီးတစ်ယောက် အပေါ်စီးမှနေ၍မြင်တွေ့နေရသောမြင်ကွင်းများဖြစ်၏။ လူကတော့ ဝေဟင်ထက်တွင်ရှိနေသည်။

ရွှမ်းကျီး၏နောက်ကျောဘက်တွင်မူ သူ့အား မိုးကြိုးစက်ကွင်းပြစ်ဒဏ်များအတွင်းမှ ကာကွယ်စောင့်ရှောက်ပေးခဲ့သော တောင်ပံတစ်စုံက အစွမ်းကုန်ဖြန့်ကျက်ထားလျက်ရှိနေသည်။ တောင်ပံများ၏နှစ်ဖက်အကွာအဝေးမှာ ၇ မီတာ ၈ မီတာခန့်ရှည်လျားပြီး အတောင်များကိုခေါက်သိမ်းထားချိန်တွင်တော့ လူတစ်ယောက်၏အရပ်အမြင့်လောက်အထိမြင့်မားလှပေသည်။ တောင်ပံများမှာ အလွန်တရာကြီးမားလှသော်လည်း မဟားတရားလေးလံမည့်ပုံတော့မပေါ်ပါချေ။ တောင်ပံထက်ရှိအမွေးအတောင်တစ်ခုချင်းစီမှာ မီးတောက်မီးလျှံများဖြင့်သိပ်သည်းကျစ်လျစ်စွာဖွဲ့စည်းထားပြီး လေအဟုန်တွင် တဖျတ်ဖျတ်လှုပ်ခတ်နေကြသည်။ တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်မီးလျှံများက သူ့ဘေးပတ်ဝန်းကျင်ရှိလေထုကို ပူပြင်းလောင်မြိုက်သွားစေတော့သည်။ အလင်းရောင်နှင့် အမှောင်ရိပ်တို့ သွေဖယ်သွားရာလမ်းကြောင်းအတွင်း ကြည့်လိုက်မည်ဆိုပါက တံလျှပ်အတွင်း၌ ဝင့်ကြွားစွာ တောက်ပနေသောအနီရောင်တိမ်တိုက်များကဲ့သို့နှယ်၊ ပေါ့ပါးဖျတ်လတ်သော ထင်ယောင်ထင်မှားခံစားချက်များကိုပင် ရရှိနေသယောင်။

သောကမီးလျှံWhere stories live. Discover now