၃၆

1.2K 140 4
                                    

[Unicode]ဒီကိစ္စကို ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူးဆိုတာ သဘောပေါက်သွားတော့ ရှောင်းဆာ၏ မျက်နှာအမူအယာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိလေထုက ပိုမိုပြင်းထန်လာခဲ့ကာ လူတိုင်းကို အသက်ရှူရခက်ခဲလာစေသည်။

ထို့နောက် ရုတ်တရက် ကောင်းကင်တွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ လျှပ်စီးကြောင်းသည် တဖြည်းဖြည်းနှင့် ပိုတောက်ပလာပြီး ၎င်း၏စွမ်းအားကို ပြသရန်အတွက် မိုးကုပ်စက်ဝိုင်းပေါ်၌ အစွမ်းကုန် တောက်ပလျက်ရှိသည်။

"ဘာတွေဖြစ်နေတာလဲ?" လူအုပ်ထဲမှ တစ်ယောက်က မတ်တပ်ရပ်ကာ မေးလိုက်သည်။

"ကောင်းကင်ပေါ်မှာ လျှပ်စီးလက်နေတဲ့ပုံစံက တကယ်ကိုလှတယ်" နောက်ထပ်တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

ရှောင်းဆာ၏နှလုံးသားသည် နစ်မွန်းသွားခဲ့ပြီး အတွေးများအားလုံး ပျောက်ဆုံးသွားကာ သူ့မျက်လုံးများက နက်မှောင်သွားခဲ့သည်။ ဒါက သူ့ကြောင်ပေါက်လေး ပြောပြောနေတဲ့ ကမ္ဘာပျက်ကပ်ရဲ့ လက္ခဏာရပ်တွေဆိုတာကို အသိအမှတ်ပြုဖို့ ခက်ခက်ခဲခဲ စဉ်းစားနေစရာ မလိုအပ်ဘူး။

"အား... ဂရုစိုက်ကြ!" တုန်လှုပ်မှုကြောင့် ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးနောက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

ကောင်းကင်ပေါ်မှ လျှပ်စီးကြောင်းများသည် ပိုပြီးနီးကပ်လာကာ ပြင်းထန်လာသည်ကို လူတိုင်း တွေ့မြင်နိုင်သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော မုန်တိုင်းသည် သူတို့၏နှလုံးသားများကို နားမလည်နိုင်သော ကြောက်ရွံ့မှုခံစားချက်များဖြင့် ပြည့်နှက်သွားစေသည်။

လျှပ်စီးကြောင်းသည် မြို့တော် N နှင့် ပို၍နီးကပ်လာပြီး ကောင်းကင်ပေါ်မှ အရာဝတ္ထုတစ်ခုကလည်း ပြုတ်ကျလာခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ နောက်ဆုံးတွင် လျှပ်စီးမိုးကြိုးက ပစ်ချလာခဲ့သည်။

"အာ.. အဲ့ဒါက..."

သူ့စကားမဆုံးခင်မှာပဲ ရှောင်းဆာသည် အရူးတစ်ယောက်လိုမျိုး အပြင်ကို ပြေးထွက်သွားခဲ့သည်။ မြို့တော် N မှာ ကြီးပြင်းလာခဲ့ပြီးတော့ ပိုင်ကျင်းနေရမယ့် ဟိုတယ်ကို ဘယ်လိုလုပ် မခွဲခြားနိုင်ခဲ့ရတာလဲ?

Back to the ApocalypseWhere stories live. Discover now