Chapter 31

1.9K 233 25
                                    

{Unicode}

အပိုင်း ၃၁

ရှန့်ချောင်နှင့် ဟော့ရှီးကား လေယာဉ်တစ်စီးထဲဖြစ်သော်လည်း သူမက ပုံမှန်တန်းတွင်ဖြစ်ကာ သူက ပထမတန်းတွင် ဖြစ်သည်။

ဖန်းပိုင် - "လေယာဉ်ပေါ်ကဆင်းရင် အလောတကြီး မထွက်သွားနဲ့ဦး၊ ဟော့ရှီးကို ကြိုဖို့ ရှီးကွမ်းအားလုံး လေဆိပ်မှာ ပုံနေလောက်တယ်၊ အစ်မချောင်ချောင် အချိန်အားရင် ကိုယ်ခံပညာသင်ဖို့ ကျွန်တော် အကြံပေးချင်တယ်"

ရှန့်ချောင် - "....."

နင် အဝေးသွားလိုက်တော့ Anti ရှီးကွမ်း!!

လေယာဉ်ပေါ်မှ ဆင်းသည်နှင့် အပြင်မထွက်ခင် သူမ နာရီဝက်ခန့်စောင့်ဆိုင်းလိုက်သည်။ ဟော့ရှီးက VIP လမ်းကြောင်းမှ ပြန်သွားကာ သူတို့၏ နတ်ဘုရားက လေဆိပ်ထဲ မရှိတော့မှန်း သိလိုက်သည်နှင့် ရှီးကွမ်းအားလုံး တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်သွားသည်။ ထို့နောက် ဖန်းပိုင် ကားတစ်စီးခေါ်လိုက်ကာ သူမကို ရသစုံရှိုးနေအိမ်ဆီ ပြန်ပို့သည်။

သူမပြန်ရောက်လာသည်ကို မြင်လျှင် လူအတော်များများ ဝမ်းသာသွားသည်။ ဒီရသစုံရှိုးက ရက်အနည်းငယ်အတွင်း ပြီးဆုံးမည်ဖြစ်ပြီး ထိုအချိန်မှစကာ သူတို့အားလုံး အချိန်ဇယားကိုယ်စီဖြင့် အလုပ်များကြတော့မည်။ ယခုကဲ့သို့ မည်သည့်အချိန်မှ အကုန်ပြန်ဆုံနိုင်မလဲ မသိနိုင်ပေ။

ဟော့ရှီး ပြန်မလာခင် လူတိုင်းက အခန်းတွင် ရယ်မောစနောက်နေကာ တခန်းလုံးတွင် ရယ်သံပျံ့လွင့်နေပြီး တိုက်ရိုက်ကြည့်ရှုသူအရေအတွက်ပင် ထိုးတက်သွားသည်။ သိပ်မကြာခင်မှာပင် ကျုံးရှန်းက ကင်မရာကွယ်ရာအရပ်ဆီ သူမကို ဆွဲခေါ်သွားကာ ခပ်တိုးတိုးမေးသည်။

"နင်နဲ့ ဟော့ရှီးက ဘာတွေလဲ?"

"ဘာကိုလဲ?"

"ငါ မနေ့ညက နင့်ကို ဖုန်းခေါ်တော့ သူ ဘာလို့ ဖုန်းလာဖြေတာလဲ? သူ ဘာလို့ ဆေးရုံရောက်နေတာလဲ?"

"သူက အဲ့မှာ အလုပ်ရှိလို့ ရောက်နေတာ၊ ဒါကြောင့် လမ်းကြုံ ငါ့ကို ဝင်ကြည့်တာ၊ ငါ့အချစ်လေးက အရမ်းသဘောကောင်းပြီး မကြင်နာတတ်ဘူးလား?"

GTKWF (Myanmar Translation )Where stories live. Discover now