Chapter 132

1.2K 251 36
                                    

{Unicode}

အပိုင်း ၁၃၂

ဟော့ရှီး မတ်တပ်ရပ်ကာ ဝတ်စုံကြယ်သီးတပ်လိုက်ပြီး ခေါင်းညိတ်၍ ပတ်ဝန်းကျင်ရှိ လူများနှင့် ကင်မရာထံ ပြုံးပြလာပြီးနောက် ငုံ့ကိုင်းကာ မျက်ရည်ဝဲနေပြီဖြစ်သည့် ရှန့်ချောင်အား ပွေ့ဖက်လိုက်သည်။ ပေါ့ပါးညင်သာသည့် ပွေ့ဖက်ခြင်းမျှသာဖြစ်ပြီး သူ့လက်ဖဝါးက သူမပခုံးထက် ဖေးတင်ကာ လူကြီးလူကောင်းဆန်ဆန် ဖွဖွပုတ်လိုက်သည်။

သို့သော် သူ အနားကပ်သွားချိန်၌မူ သောင်းသောင်းဖြဖြ လက်ခုပ်ဩဘာသံများအကြား သူမတစ်ဦးတည်းသာ ကြားနိုင်သည့် လေသံမျှဖြင့်

"လိမ္မာတယ်.. မငိုရဘူး"

ရှန့်ချောင် မျက်တောင်ခတ်လိုက်ကာ ကျိန်းသေကိုပင် မျက်ရည်မကျတော့ချေ။ သူမမျက်ဝန်းအကြည့်တို့က သူ့ထံ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီး သူ ရှေ့ဘက်လျှောက်ထွက်သွားကာ စတိတ်စင်ပေါ် တက်နေစဉ်တစ်လျှောက်၊ ထို့နောက် သူ ပိုင်ဆိုင်သည့် ဆုအား ရယူနေချိန်အထိ။

ဟော့ရှီးက သူ၏ စိတ်ခံစားချက်များအား မရယ်မပြုံးမျက်နှာဖြင့် ထိန်းသိမ်းထားလေ့ရှိပြီး 'Emperor of Vision' ဆုရရှိခြင်းအပေါ် များများစားစား စိတ်လှုပ်ရှားနေပုံမပေါ်ပေ။ ဆုလက်ခံရရှိကာ ကျေးဇူးတင်စကားဆိုချိန်၌ပင် အနုပညာပေါ် ထားရှိသည့် သူ၏ လေးနက်မှုနှင့် ရှေ့ဆက်၍ ကြိုးစားသွားမည့် စိတ်ဆန္ဒအကြောင်း ဖော်ပြလာသည်။

ကင်မရာမြင်ကွင်းမှာ ရှန့်ချောင်ရှိရာထံသို့ မကြာခဏ ဝေ့ဝဲရောက်ရှိလာသော်လည်း သူမက တကြိမ်မျှပင် ကင်မရာထံ မော့ကြည့်ခြင်းမရှိပေ။ စတိတ်စင်ပေါ်ရှိ လူပေါ်တွင်သာ သူမ၏ အာရုံအလုံးစုံ စုပြုံရောက်ရှိနေသည်။

နက်တစ်ဇင်များမှာ စိတ်ထဲ ခံစားသွားရသည်။ သူမက ဟော့ရှီးအား တကယ့်ကို သဘောကျပုံရသည်။

မျက်ဝန်းအကြည့်များသည်ကား ဟန်ဆောင်လုပ်ယူ၍ ရသည်မျိုးမဟုတ်။ ချစ်ခင်မြတ်နိုးခြင်းတို့ ပြည့်နှက်နေသည့် ထိုမျက်ဝန်းတို့က သူက သူမ၏ အလုံးစုံသော ယုံကြည်ကိုးစားရာဖြစ်ကြောင်း လှစ်ဟနေသည်။

GTKWF (Myanmar Translation )Where stories live. Discover now