Chapter 90

1.7K 284 45
                                    

{Unicode}

အပိုင်း ၉၀

ထိုဇာတ်ဝင်ခန်းနှင့် ပတ်သက်၍ ဟော့ရှီး၏ သရုပ်ဆောင်မှုကို ဒါရိုက်တာဝမ်က အလွန်အမင်း စိတ်ကျေနပ်မှုရှိသည်။ ဖိနှိပ်ထားရသည့် မကျေမချမ်းဖြစ်မှုနှင့် စိတ်ဆိုးဒေါသထွက်မှုအား ဖွင့်ထုတ်ပြလိုသော်လည်း တစ်ဖက်လူအား ထိခိုက်နာကျင်စေရန် မစွမ်းသာသည့် အခြေအနေကြောင့် အသိစိတ်တစ်မျှင်အား ခက်ခက်ခဲခဲဖမ်းဆွဲထားရသည့် အမူအရာမှာ ကင်မရာထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။

ဤကဲ့သို့ ကျိုးကြောင်းညီညွတ်သည့် စိတ်ခံစားမှု ပြကွက်တွင် 'အများအကျိုးကို အသုံးချ၍ ကိုယ်ကျိုးရှာ'နေမှန်း မည်သူမျှ သံသယ မဝင်ချေ။

ကြောင်အမ်းနေဆဲ စိတ်အခြေအနေတွင် ရှိနေဆဲဖြစ်သည့် ရှန့်ချောင်ကို ကြည့်ကာ လူတိုင်း၏ မျက်ဝန်းအကြည့်များက စာလုံးကြီးလေးလုံးကိုသာ စိတ်လှုပ်ရှားစွာ ဖော်ပြနေသည်- 'ဘဝ၏ အောင်နိုင်သူ' ဟူ၍။

တင်းကျန်က သူမအား ဆွဲခေါ်ကာ ထိုင်စေပြီးနောက် ရေပုလင်းဖွင့်ပေးကာ သူမ၏ နီရဲကာ ယောင်ယမ်းနေသည့် နှုတ်ခမ်းသားကို ကြည့်ရင်း ရယ်မောလိုစိတ်ကို ထိန်းချုပ်၍ မေးသည်။

"ချောင်ချောင်၊ နင် ပျော်နေလား?"

ရှန့်ချောင်က တညီးတညူဆိုသည်။

"သူ ငါ့ကို ကိုက်တယ်"

တင်းကျန်ခမျာ ရယ်သေလုနီးနီး။

ရှန့်ချောင် သူမနှုတ်ခမ်းထောင့်အား တို့ထိကြည့်လိုက်၏။ သူ သူမအား အကြမ်းပတမ်း ကိုက်ခဲခဲ့သည့်နေရာရှိ အရေပြားမှာ ပေါက်ပြဲနေလေပြီ။ ရေသောက်နေရင်း ထိုနေရာကို မတော်တဆထိမိသဖြင့် နာကျင်မှုကြောင့် အသံထွက်မိသွားသည်။

ဒါ လွန်လွန်းတယ်!! ရုပ်ရှင်ရိုက်တာလေးပဲဟာ... ဒီလောက်ထိ တလေးတနက် အားသုံးစရာ လိုလို့လား?

ရိုက်ကွင်းပေါ်က ငါ့အိုင်ဒေါလ်နဲ့ ပထမဆုံးအနမ်းခန်းအကြောင်း စဉ်းစားလိုက်ရင် ကောင်းတဲ့ အမှတ်တရတောင် ရှိမနေဘူး... မှတ်မိတာဆိုလို့ နာတာပဲ!

ဟမ့်!!

ရှန့်ချောင် သူ့အား နာရီဝက်တိတိ လစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now