Chapter 122

1.5K 258 27
                                    

{Unicode}

အပိုင်း ၁၂၂

အချဉ်အိုးဘုရင်က ရှာလကာရည်သောက်သည်မှာ အံ့အားသင့်ရန်ပင်မလို။ လက်တလောတွင် သူမနှင့် မုန့်ရှင်းချန်တို့အကြား အတင်းအဖျင်းများမှာ အင်တာနက်တခွင် ပွထနေသည်။ အကြောင်းအရင်းမှာ ရုပ်ရှင်ဧကရာဇ်က တီဗီဇာတ်လမ်းတွဲများ မရိုက်ကူးခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့်ပင်။ အနုပညာလောက၏ စကားကို ငှါးသုံးရလျှင်ဖြင့် ရုပ်ရှင်ဧကရာဇ်က တီဗီဇာတ်လမ်းတွဲတွင် ပြန်လည်ပါဝင်ခြင်းမှာ တန်ဖိုးကျသည်ဟုပင် ဆိုနိုင်သည်။

ပုံပြင်ဆန်လှသည့် အတင်းအဖျင်းများသည်ကား အံ့အားသင့်ဖွယ်။ ဤဇာတ်ကောင်အား မုန့်ရှင်းချန် လက်ခံလိုက်ခြင်းမှာ ရှန့်ချောင်ကြောင့်ဟု ဆိုကြပြီး နှစ်ဖက်စလုံး၏ ဖန်ဒမ်းများသည်ကား တိုက်ပွဲအပြင်းအထန် ဆင်နွှဲနေကြသည်။

ကံကောင်းထောက်မစွာဖြင့် သတင်းစကားများအား ငြင်းဆိုရန် ပေ့မင်းဖန်က အလျှင်အမြန် စီစဉ်လာသည်။ မုန့်ရှင်းချန်မှာ ဒါရိုက်တာဟန်၏ အတန်းဖော်ဟောင်းဖြစ်ကြောင်း ကြော်ငြာအကောင့်များက ဖော်ထုတ်လာပြီး ထိုသူနှစ်ဦး၏ ဘွဲ့ယူအခမ်းအနားဓါတ်ပုံများအား တင်ပေးလာခြင်းက ကောလဟလသတင်းများအား အဆုံးသတ်သွားစေသည်။

အစပထမပိုင်းတွင် ဒရာမာမှာ လုံလုံလောက်လောက် ကျော်ကြားမှုမရှိမည်ကို ပေ့မင်းဖန်က စိုးရိမ်ကာ ကျန်းမင်နှင့် ရှန့်ချောင်အကြား ကောလဟလဖြန့်၍ သတင်းအရှိန်အား တည်ဆောက်လိုခဲ့သည်။ နောက်ပိုင်း ထိုအကြံမှာ ရှန့်ချောင်ထံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခံလိုက်ရပြီး ခေါင်းစီးအသစ်များအား စဉ်းစားရင်း အလုပ်ရှုပ်နေခဲ့သည်။

ရလဒ်မှာမူ လက်ရှိအချိန်၌ မည်သည့်ခေါင်းစီးအသစ်မျှ မလိုအပ်တော့၊ မုန့်ရှင်းချန်က ကယ်တင်ပေးသွားသည်။ ထိုကိစ္စရပ်အနည်းငယ်က နှစ်ဖက်ရိုက်ကွင်းနှစ်ခုစလုံးအပေါ် အာရုံစိုက်လာစေပြီး သူ၏ အဓိကပြဿနာအား ဖြေရှင်းပေးသွားသည်။

ရှန့်ချောင်က မနက်ပိုင်းတွင် 'May the Moonlight Flower shine on you' အား ရိုက်ကူးလေ့ရှိသည်။ ထိုရိုက်ကွင်းမှ ဇာတ်ဝင်ခန်းများမှာ ပို၍ လေးနက်ကာ တခါတရံ နေ့လယ်စာစားရန်ပင် အချိန်မရှိတတ်ပေ။ သူမက နေ့လယ်စာထမင်းဘူးယူကာ ကားပေါ်တက်ရင်း 'သုန်းဖန်းဖော့' ရိုက်ကွင်းသို့ သွားရာလမ်းတွင် စားလေ့ရှိပြီး ကားပေါ်တွင်ပင် သူမ၏ စိတ်အခြေအနေအား ချိန်ညှိလေ့ရှိသည်။

GTKWF (Myanmar Translation )Where stories live. Discover now