ထိုအချိန်တုန်းကဆိုလျှင် စန်းရန်မှာ စကားတစ်ခွန်းမှထပ်မဆိုလာပါတော့ဘဲ တိတ်ဆိတ်သွားခဲ့သည်မှာ အသက်ရှူနေသောအသံကိုပင် မကြားနိုင်တော့ကြောင်း ဝိန်းရိဖန်မှတ်မိနေပါသေးသည်။ နှစ်ယောက်စလုံး မိနစ်တဝက်စာကြာသည်အထိ အသံတိတ်နေခဲ့ကြပြီး သူမကသာ စီးကျနေသည့်မျက်ရည်များကိုသုတ်ရင်း ဖုန်းချပစ်ခဲ့သည်။
ထိုနေ့ထိုအချိန်မှစ။
သူတို့နှစ်ဦးသည် ကျောင်းထဲ၌အဆက်အဆံမလုပ်ကြပါတော့ပေ။
နောက်တွင် ဝိန်းရိဖန်က ဘကြီးတို့မိသားစုနှင့်အတူ ပေယွီမြို့သို့ ပြောင်းလာခဲ့သည့်အတွက် ကျောင်းလည်း တစ်ခါတည်းပြောင်းခဲ့ရသည်။ စန်းရန်နှင့် လုံးဝအဆက်အသွယ်ပြတ်သွားတော့မည်ဟု တွေးထားလိုက်သည့်အချိန်တွင်တော့ သူ့ထံမှ မက်ဆေ့များ စပြီး လက်ခံလာရ၏။
ထိုမှတဆင့် အဆက်မပြတ်....
မက်ဆေ့များက မကြာခဏဆိုသလို ပို့လာပါတော့၏။
ထို့နောက် ထို့နောက်များတွင်တော့....
အထိမ်းအမှတ်နေ့ကျောင်းပိတ်ရက်များ ၊ အားလပ်ရက်များတိုင်းတွင် စန်းရန်က ပေယွီမြို့သို့ရောက်လာခဲ့တော့သည်။ ရောက်လာတတ်သည့်အကြိမ်ရေများမှာ အတိအကျမရှိ ၊ ပုံမှန်အားဖြင့် တစ်လလျှင် တစ်ခေါက် သူမဆီသို့ ပုံမှန်ရောက်လာတတ်ပြီး အကြိမ်တိုင်းတွင်လည်း သူမ၏သဘောထားကို မေးပြီးမှ လာခဲ့ခြင်းမျိုးပင်။
နှစ်ယောက်သားက တွေ့ဆုံကြသည့်အကြိမ်တိုင်းတွင်လည်း ခေါက်ဆွဲဆိုင်တစ်ဆိုင်တည်းကိုသာ သွားလေ့ရှိသေးသည်။ ထိုခေါက်ဆွဲဆိုင်က ခပ်ကျဥ်းကျဥ်းနှင့်ခေတ်ဟောင်းပုံစံမျိုးဖြစ်ပြီး ခေါက်ဆွဲ၏အရသာမှာလည်း ပုံမှန်မျိုးသာဖြစ်သည့်အတွက် စီးပွားရေးအခြေအနေမှာ အကောင်းကြီးမဟုတ်။ ထိုခေါက်ဆွဲဆိုင်သို့ လာသည့်အခါတိုင်းတွင် ဆိုင်ထဲ လူသူကင်းနေတတ်ပြီး ဆိုင်ပိုင်ရှင်ကြီးကသာ ကောင်တာ၌ထိုင်ပြီး တီဗွီကြည့်နေတတ်၏။
အကြိမ်ရေများလာသည်နှင့်အမျှ ဆိုင်ပိုင်ရှင်ကြီးက သူတို့နှစ်ဦးကိုမှတ်မိလာကာ အထူးတလည်မှာနေစရာမလိုတော့ဘဲ နှစ်ယောက်သားကိုမြင်လိုက်သည်နှင့် မီးဖိုထဲဝင်၍ပြင်ဆင်ကာ ခေါက်ဆွဲပန်းကန်အား နှစ်ယောက်သား၏ နေရာငယ်လေးဆီသို့ လာချပေးထားလျက်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-