မနက်ခင်းအိပ်ရာနိုးလာသည့်အခါတွင်တော့ ဝိန်းရိဖန်တစ်ယောက် အခန်းပတ်ပတ်လည်ကို အိပ်မှုန်စုံမွှားကြည့်နေမိပြီးနောက် မနေ့ညက ညသန်းခေါင်အိပ်နေရင်းလမ်းထလျှောက်ကာ စန်းရန်၏အိပ်ခန်းထဲသို့ထပ်ရောက်နေကြောင်း သိလိုက်တော့သည်။ အခုတလော အိပ်ရေးဝဝလင်လင်,မအိပ်ထားရသဖြင့် အိပ်ရေးပျက်၍ခေါင်းကိုက်လျက်ရှိပြီး ဘေးတစ်ဖက်သို့လှည့်ကြည့်လိုက်လျှင်တော့ စန်းရန်၏အရိပ်အယောင်ကိုမတွေ့။
ထိုအခါမှ ဝိန်းရိဖန် သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။
သို့သော်လည်း ဤတစ်ခါအခြေအနေက ယခင်တစ်ခါနှင့် တူနေနိုင်ခြင်းရှိမရှိကိုမသိရသေး။
အိပ်နေရင်းလမ်းထလျှောက်မိသည့်အခိုက်တွင်လည်း စန်းရန် ပြန်မရောက်လာသေးခြင်းလား သို့မှမဟုတ် သူ့အခန်းထဲဝင်လာအိပ်ခြင်းကြောင့် ညသန်းခေါင်အနှောက်အယှက်ဖြစ်၍နိုးသွားကာ ဧည့်ခန်းထဲပြောင်းအိပ်လိုက်ရခြင်းလား။
ဝိန်းရိဖန်အနေဖြင့် အရင်တစ်ခါလိုဖြစ်နေစေရန်သာဆုတောင်းမိသည်။ သူမဟာ အမှန်တကယ်ပင်လျှင် အသိစိတ်မကပ်နေသည့်အချိန်မျိုး၌ စန်းရန်အား အခွင့်အရေးမယူချင်ပါပေ။ ထိုအခါ ခေါင်းကုတ်ရင်းဖြင့် အိပ်ရာထက်မှဆင်းကာ အသာအယာလျှောက်ထွက်လာလိုက်၏။
အိပ်ခန်းထဲမှ ထွက်လာလာချင်းပင် ဧည့်ခန်းထဲမှ ဆိုဖာပေါ်၌ရောက်နေသည့် စန်းရန်အား လှမ်းမြင်လိုက်ရတော့၏။ ခပ်ပါးပါးစောင်တစ်ထည်ကိုခြုံထားပြီး ခေါင်းအုံးပေါ်မှီအိပ်နေကာ သူ့ပုံစံဟာလည်း နိုးနေသည်မှာသိပ်မကြာသေးသည့်ပုံ။ လက်ရှိအခိုက်အတန့်တွင်တော့ သူက စကားတစ်ခွန်းမဆိုဘဲ သူမကိုသာ တည့်တည့်စိုက်ကြည့်နေလေသည်။
"...."
ဝိန်းရိဖန်၏ခြေလှမ်းများ တုံ့ခနဲရပ်သွားတော့၏။ ပတ်ဝန်းကျင်တစ်ခွင် လွှမ်းမိုးနေသည့်အငွေ့အသက်များမှာ ချိုးငှက်၏အသိုက်ကို ခိုငှက်ကလေးတစ်ကောင်ကခိုးထားသလိုလို။ ချိတုံချတုံဖြစ်နေရင်း ဝိန်းရိဖန်က စန်းရန်နားသို့ လျှောက်လာခဲ့လိုက်၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-