Chapter 61

554 52 1
                                    

စန်းရန် အိမ်မှထွက်သွားပြီး​နောက်တွင်​တော့ ဝိန်းရိဖန်လည်း ပန်းကန်ခွက်​ယောက်များကိုသိမ်းဆည်းပြီး ​ရေချိုးရန် အိပ်ခန်းထဲ ဝင်လာခဲ့​တော့သည်။ အဝတ်အစားများချွတ်​နေရင်း မ​နေ့ညက ချန်ကျွင့်ဝိန်​ပြောသည့်စကားများကို တဖန်ပြန်​ကြား​ယောင်လာမိ၏။ သူမ ရှင်းရှင်းလင်းလင်းကို ကြားခဲ့သည်မှာ အတည်ပြုစရာပင်မလို​ ၊ ​သေချာ​ပေါက်အမှန််တကယ်ပင်။

ချန်ကျွင့်ဝိန်က ထိုစကားများကို ပြန်လည်​ပြောပြ​နေသည်မှာလည်း အမှန်တကယ်​ပေ။

ဝိန်းရိဖန်၏နှလုံးသားထဲ မသိမသာ​လေး ရှုပ်​ထွေးလာရ​​တော့၏။

စန်းရန်​ပြောခဲ့ဖူးသည့် ထိုစကားတစ်ခွန်းက သူမနှင့်သက်ဆိုင်မှုရှိမရှိဆိုသည်မှာလည်းမ​သေချာ။

သို့သည်တိုင် သက်ဆိုင်မှုမရှိရန်သာ ​မျှော်လင့်​​နေမိ​တော့၏။

ထိုစကားတစ်ခွန်းဟာ စန်းရန်အရက်မူး​နေသည့်အချိန်တွင် သူငယ်ချင်းများနှင့် စကားအဖြစ်​ပြောလိုက်ခြင်းမျိုးသာဖြစ်ရန် ​မျှော်လင့်မိသလို ၊ ဤမျှထိရှည်ကြာခဲ့သည့်နှစ်များအတွင်း စန်းရန်ဟာ ​မည်သည့်အတွက်​ကြောင့်နှင့်မျှဖြင့် ​ခြေလှမ်းများတွန့်ဆုတ်သွားခြင်း ၊ မည်သည့်အရာအတွက်​ကြောင့်နှင့်မျှ ခလုတ်မထိဆူးမငြိဘဲ ဘဝကို ​ကောင်း​ကောင်းမွန်မွန်ဖြတ်သန်းလာ​ခြင်းမျိုးသာ ဖြစ်​စေရန် ​မျှော်လင့်ထားမိပါတော့သည်။

သည့်အထက်အပြင် သူမကြောင့်ဖြင့်လည်း အ​နှောင့်အယှက်တစ်စုံတစ်ရာ မရှိ​စေချင်ခဲ့ပေ၏။

တို​တောင်းလှသည့်အနားယူရက်​လေးမှာ မျက်စိတစ်မှိတ်စာအတွင်း အမြန်ကုန်ဆုံးသွားခဲ့သည်။

​ရှေ့​​လျှောက်ရက်များအတွင်းတွင် မုချန်ယွင်၏သတိ​ပေးစကား​ကြောင့် ဝိန်းရိဖန်သည် ဌာနမှ ထွက်လာသည့်အခါတိုင်း အပြင်ဘက်သို့စစ်​ဆေးကြည့်ဖြစ်ခဲ့သည်။ လုံခြုံ​ရေးဝန်ထမ်းများကို ​မေးကြည့်မိ​သော်လည်း ဤအချိန်များအတွင်း သူမအား လာရှာသည့်သူမျိုးရှိပုံမရ​ပေ။

ပုံမှန်မဟုတ်​သည့် မသင့်​လျော်​သောကိစ္စမျိုးများမရှိသည့်အတွက် ဝိန်းရိဖန်လည်း စိတ်သက်သာရာရသွားခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now