Chapter 39

697 54 3
                                    

ကိုယ့်ကိုကိုယ် အမြင်မှား​နေသည်ဟုပင် ထင်လိုက်မိရင်း စန်းရန်၏ ဆံပင်သုတ်​နေသည့်လက်တစ်ဖက်မှာ ချက်ချင်းရပ်တန့်သွား​တော့သည်။ စက္ကန့်ပိုင်းကြာ​အောင် ​တောင့်​တောင့်ကြီးကြည့်နေမိပြီး တဘက်ကို​ဘေးသို့ချ ၊ မတ်တပ်ထရပ်ကာ အိပ်ခန်းဆီသို့​ ဝိန်းရိဖန်နောက်မှ လိုက်လာခဲ့သည်။

ဝိန်းရိဖန်သည် ဟိုအရင်က ဤအခန်းထဲနေခဲ့ဖူးသည်။

သို့​သော် စန်းရန်​ပြောင်းလာပြီး​နောက်ပိုင်းတွင် အိပ်ခန်းအပြင်အဆင်ကို​ပြောင်းထားပြီး ကွန်ပြူတာစားပွဲခုံတစ်လုံး ထပ်ထည့်ထား​သေးသည်။ ပြတင်း​ပေါက်နားကပ်ထားသည့်ကုတင်ကိုလည်း အလယ်တည့်တည့်​ပြောင်းထားပြီး ဘယ်ဘက်တွင် စာကြည့်စားပွဲခုံရှိကာ ညာဘက်တွင် ညအိပ် မီးအိမ်ရှည်တစ်ခုရှိသည်။

လက်ရှိအချိန်တွင် ဝိန်းရိဖန်က အိပ်ခန်း၏အလယ်သို့ ​ရောက်​နေပြီဖြစ်သည်။

ဘာဆက်လုပ်ရမှန်းမသိဖြစ်​နေသည့် သူမနားသို့ စန်းရန်​​​ရောက်လာခဲ့ကာ အ​ရှေ့တွင်ပိတ်ရပ်လိုက်၏။

"ဘယ်သွားချင်​နေတာလဲ"

ဝိန်းရိဖန်၏နဖူးက သူ့​မေးဖျားနှင့်တိုက်မိသည့်အချိန် ​ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။ ​ခေါင်းသဲ့သဲ့​လေး​မော့လာရင်း သူ့အား ဗလာသက်သက်ချည်းစိုက်ကြည့်ပြီး​နောက်တွင် ​ဘေးနားသို့ ​ဖြေး​ဖြေးချင်း​ရှောင်လိုက်ကာ ရှေ့ဆက်သွားရန် ပြင်​နေ​လေသည်။

စန်းရန်လည်း ​ခြေတစ်လှမ်းထပ်လှမ်းကာ လမ်းကိုဆက်ပိတ်လိုက်၍ ;

"​နေရာမှား​နေပြီ"

ဝိန်းရိဖန်က တဖန်ပြန်​မော့ကြည့်လာကာ သူ့စကားများကို ​တွေး​တော​နေပုံလည်းရပြီး တစ်ချိန်တည်းဆိုသလို သူ လမ်းဖယ်​ပေးမည့်အချိန်ကိုပါ ​စောင့်​နေသည်။

က​လေးတစ်​ယောက်ကိုဆက်ဆံသည့်အတိုင်း စန်းရန်က စိတ်ရှည်ရှည်ဖြင့် စကားဆိုလာခဲ့၏။

"ဒါ မင်းရဲ့အိပ်ခန်း မဟုတ်ဘူး​လေ"

ဝိန်းရိဖန်မှာ မလှုပ်မယှက်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now