ဝိန်းရိဖန်၏နှုတ်ခမ်းပါးတို့ဟာ နွေးထွေးခြောက်ကပ်နေသဖြင့် အမှတ်တံဆိပ်တစ်ခုခတ်နှိပ်လိုက်သည့်အလား အရေပြားပေါ်၌ ပြင်းပြင်းပြပြတောက်လောင်သွားခဲ့သည်။
အသက်ရှူငွေ့များက ပေါ့ပါးသေးမျှင်ပြီး ချောချောမွေ့မွေ့ဖြင့်သဘာဝကျလွန်းကာ ငှက်မွှေးတစ်ခုလေထဲဝဲပျံနေသည့်နှယ်။ သူမ၏ခန္ဓာကိုယ်ထက်မှ နှင်းဆီရနံ့ခပ်ဖျော့ဖျော့ကိုခံစားနေမိပြီး ရိုးတွင်းချင်ဆီများထဲ၌စိုက်ပျိုးထားသည့်သဖွယ် ဘေးပတ်ဝန်းကျင်လေးမျက်နှာတခွင် ထုတ်လွှင့်ပျံ့နှံ့နေကာ တစ်ဖက်လူ၏စိတ်အာရုံကို သိသိသာသာရိပါးနေလေသည်။
အကွာအဝေးတစ်ခုမှာ အနီးကပ်ဆုံးဖြစ်နေပြီး သူမ၏မျက်တောင်မွှေးများခတ်လိုက်ချိန်တိုင်းတွင် သူ့မျက်နှာပေါ် ပွတ်ဆွဲသွားသည်မှာဖြတ်ခနဲ။ အထိအတွေ့အာရုံမှာ တဖွဖွတိုးဝင်နေသည့်ခံစားမှုများကြောင့် ပို၍ပြင်းပြလာပြီး တစ်စထက်တစ်စ သူ့အား ဆိုးဆိုးရွားရွားကို ကုတ်ခြစ်ဆွဲဆုတ်နေပါတော့သည်။
စန်းရန်၏လက်နှစ်ဖက်မှာ ထိန်းချုပ်မှုမရှိနိုင်တော့သည့်အတိုင်း အလိုလိုမြှောက်လာမိပြီး ချက်ချင်းဆိုသလိုလည်း လေဟာပြင်ထဲ၌သာ ရပ်တန့်ပစ်လိုက်၏။ မျက်လုံးကိုမှိတ် ၊ သူ့စိတ်ဆန္ဒများကို အစွမ်းကုန်ထိန်းချုပ်ထားပြီး လက်ဖဝါးနှစ်ဖက်မှသည် လက်သီးဆုတ်များအဖြစ် တင်းနေအောင်ဆုတ်လိုက်ကာ တဖြည်းဖြည်းဖြင့် လက်ပြန်ရုတ်လိုက်၏။
သူ လူတစ်ယောက်လို ပြုမူချင်ပါသေးသည်။
ယခုလို မရှောင်ဖယ်ဘဲနေခဲ့သည့်အပြုအမူတစ်ခုတည်းကပင် ဘာမှမသိသည့်သူထံမှအခွင့်အရေးယူနေခြင်းအတွက် လုံလောက်သင့်ပြီမဟုတ်လား။
ဤအချိန်အတွင်းတွင် ဝိန်းရိဖန်က ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းပြန်မတ်လိုက်ပြီးမှ သူနှင့်အကွာအဝေးတစ်ခုခြားလိုက်သည်။
သူမ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမနေ ၊ တည်ငြိမ်လွန်းသည့်မျက်နှာထားကမသိလျှင် အခုလေးတင်ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းထောင့်ကိုနမ်းသွားခဲ့သည့်သူက သူမ မဟုတ်သလိုမျိုးပင်။ မျက်လုံးရှေ့ရှိမြင်ကွင်းမှာ လွန်ခဲ့သောမိနစ်ပိုင်းမှ ပုံစံအတိုင်း ပြန်ပြောင်းသွားခဲ့၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-