Chapter 49

809 77 4
                                    

ခေါက်ဆွဲဆိုင်ထဲ ရုတ်တရက်​​ရောက်ချလာသည့် စန်းရန်၏တည်ရှိမှုကိုပင် ထင်​ယောင်ထင်မှားအဖြစ်ခံစားမိ​နေ​သေးသည့် ဤအခိုက်အတန့်တွင် ထပ်၍ဆိုလာခဲ့​သောသူ့စကားများ​ကြောင့် ဝိန်းရိဖန်၏အ​တွေးများသည် အသိစိတ်နှင့်ခန္ဓာကိုယ်အသားတကျမဖြစ်နိုင်​အောင်ကို ဦးတည်ရာမဲ့ရွက်လွင့်​သွားခဲ့တော့သည်။

ဝိန်းရိဖန်သည် အ​ရှေ့တည့်တည့်ရပ်​နေသည့်သူအား ဗလာကျင်းစွာဖြင့်စိုက်ကြည့်​နေမိပြီး တစ်ည​နေခင်းလုံး ရှုပ်​ထွေး​ပွေလီ​နေသည့်စိတ်​နေရာ၌ အခြား​သောခံစားချက်များ အစားထိုး​နေရာယူလာခဲ့သည်။ သူမ၏နှာ​ခေါင်းထိပ်​လေးမှာ စူးခနဲကျင်တက်လာပြီး နှုတ်ခမ်းပါးတို့က တလှုပ်လှုပ်ဖြစ်ပါ​သော်လည်း စကားတစ်ခွန်းမှ​ပြောမထွက်လာနိုင်ပါ​တော့​ပေ။

လုံးဝ မ​မျှော်လင့်ထားသည့် အံ့အားသင့်​စေမှုတစ်ခု ၊ ဘယ်​တော့အခါကမှ စိတ်မကူးရဲခဲ့ပါသည့်ဆန္ဒတစ်ခုက ကြိုတင်အသိမ​ပေးဘဲ ရုတ်တရက်​ရောက်လာခဲ့သလိုမျိုးပါပင်။ သူမအ​နေဖြင့် မယုံကြည်ရဲလိုက်သလို လက်လှမ်းပြီး လှမ်းယူလိုက်ဖို့ရာအတွက် သတ္တိတို့လည်းမရှိပါ​ချေ။

လက်လှမ်းယူလိုက်သည်နှင့်တပြိုင်နက် အ​ရှေ့တွင်ရှိ​နေသည့်အရာအားလုံး ​ပျောက်ကွယ်များမည်ကို ​ကြောက်လန့်​နေမိသည်။

ဤအချိန်​လေးတွင်း ဝိန်းရိဖန်၏အ​တွေးထဲ အရင်နှစ် နှစ်ကုန်ခါနီးတုန်းက 'Overtime' ဘား၌ စန်းရန်နှင့် အမှတ်မထင်​တွေ့ဖြစ်ခဲ့သည့်ဖြစ်ရပ်ကို ပြန်​တွေးကြည့်မိလိုက်သည်။ သူ့ဘက်က သူစိမ်းတစ်​ယောက်ကို ဆက်ဆံသည့်အပြုအမူမျိုးလုပ်ပြခဲ့သည့်အပြင် ဤကာလတစ်​လျှောက်လုံးတွင်လည်း သူမအ​ပေါ်မ​ကောင်းမကန်းဆက်ဆံခဲ့ကာ သူမဘက်က အတတ်နိုင်ဆုံးအခန့်မသင့်မဖြစ်ကြရန်ပင် လျစ်လျူရှုထား​ပေးခဲ့ရသည်။

အဘယ်​ကြောင့်ဆို​သော် သူမဘက်က နားလည်​ပေးနိုင်ပြီး ဤလုပ်ရပ်အားလုံးဟာ ဖြစ်သင့်ဖြစ်ထိုက်သည့်အ​ခြေအ​နေတစ်ရပ်အဖြစ် ခံယူထား​ကာ...

အရာအားလုံးသည် သူမ၏ပြုခဲ့မိသည့်အပြုအမူ​ကြောင့် သူမ ခံစားသင့်သည့် 'အကျိုးဆက်ရလဒ်' ကို ခံစားရခြင်းဟုမှတ်ယူထားခဲ့ခြင်း​ကြောင့်ပါပင်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now