2

11.8K 1.4K 54
                                    

Unicode

နတ်ဆိုးတိုင်းပြည်၏ အရှင်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သူ မော့ကျိုးရှောင်သည် ' မာန ' ဟူသော ဂုဏ်ပုဒ်ကို ကိုင်ဆောင်သူဖြစ်သည်။ကမ္ဘာကြီးကို ဇောက်ထိုးမျိုးမျှော်လုပ်နိုင်သော အလှတရား ၊ မယှဉ်သာသော သိမ်မွေ့မှု တို့နှင့်သူသည် အပေါ်ယံတွင်တော့ သန့်စင်ကာ အစွန်းအထင်းမရှိသူတစ်ဉီး...အမှန်တွင်တော့သူသည် စဉ်းလဲကောက်ကျစ်ကာ သစ္စာမဲ့ပြီး အလွန်ပါးနပ်လှ၏။ထို့ပြင် သူ၏ ဉာဏ်ရည်မှာ မမှန်းဆနိုင်လောက်အောင်ပင် ထက်မြက်လှသည်။သို့သော် တစ်ချိန်တည်းမှာပင် သူသည် လူ့သဘာဝကို စက်ဆုပ်ကာ အထင်အမြင်သေးလှ၏။သူသည် လူတွေကို အဆုံးမဲ့ ချောက်ထဲသို့အညင်သာဆုံးနည်းလမ်းဖြင့် တွန်းချရသည်ကိုနှစ်သက်ကာ ထိုလူတို့၏ သေခါနီးအချိန်တွင် သစ္စာဖောက်ခံရမှုကြောင့် ရမ်းကားကြမ်းတမ်းသွားသော အမူအယာတို့ကို ကြည့်ရသည်ကိုမှ ပျော်မွေ့လေသည်။

ခြူးမုယွင်၏ မှတ်ဉာဏ်စွမ်းရည်မှာ အလွန်ထူးခြားလှ၏။သူသည် တစ်ခါမြင်ပြီးသည်နှင့် လုံးဝ မမေ့တော့ပေ။ဤကဲ့သို့ သူကိုယ်တိုင် ရေးသားခဲ့သောအကြောင်းအရာတို့ကိုဆိုလျှင် သာ၍ပင် မမေ့။

ထို့ကြောင့် သူ့ရှေ့တွင်ရှိနေသော ဤအလှလေး၏ စိတ်ပျက်စရာ ဝါသနာကြီးကို အလွန်ကိုမှ ကောင်းစွာ နားလည်လေသည်။

မော့ကျိုးရှောင် ငုံ့ကိုင်းလိုက်သောအခါ ဆံနွယ်တို့က ဖြာကျလာ၏။ခပ်ဖျော့ဖျော့ ရနံ့သင်းသင်းလေးနှင့်အတူ သူ၏ မျက်ဝန်းထဲမှ နူးညံ့မှုမှာ ရေအိုင်ငယ်လေးကို ကြည့်နေရသကဲ့သို့ပင်။ " မကြောက်ပါနဲ့... ငါကမင်းအဖေနဲ့ ခင်မင်တဲ့ ဆက်ဆံရေးရှိတယ်။ခုလို​တွေဖြစ်သွားရတာကိုလည်း ငါအရမ်းစိတ်မကောင်းဖြစ်မိတယ်။ဒါပေမယ့် ငါအလာ နောက်ကျသွားတာ ကံဆိုးတာပဲ ၊ သူတို့ကို မကယ်နိုင်လိုက်ဘူး...ကံကောင်းလို့ သူတို့ကမင်းကို အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့ကြလို့သာပေါ့ "

ခြူးမုယွင်ဟာ ဒီလူ မျက်တောင်တစ်ချက်မခတ်ပဲ လိမ်နေသည်ကို သေချာ နားထောင်ပေးနေလိုက်သည်။

မော့ကျိုးရှောင်၏ လက်ချောင်းများဟာ ရှည်လျားကာ ဖျော့တော့လှပြီး သူ၏ အပြာဖျော့ရောင် အနားသတ် အင်္ကျီလက်နှင့်ဆိုလျှင် ပင်လယ်ပြာထဲမှ ပုလဲလုံးလေးများလို ကြည့်ကောင်းလှ၏။သူဟာဝံပုလွေပေါက်လို လူငယ်လေး၏ နဖူးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး " ငါနဲ့လိုက်ခဲ့ပါ ၊ ဒီကိစ္စဘယ်သူလုပ်လဲဆိုတာကို ရှာဖို့ ကူညီပေးမယ်လေ ၊ ဘယ်လိုလဲ ? "

ခြူးမုယွင်ဟာ သူ့ကို မျက်တောင်မခတ်ပဲ ကြည့်နေလိုက်သည်။အချိန်အတော်ကြာမှ သူဟာ ပါးစပ်ကိုဖွင့်ပြီး တစ်ခွန်းတည်းသာဖြေလာ၏။ " ဟုတ်ပြီ "

သူဖန်တီးထားသော သူ့သားအကြောင်း သူသာအသိဆုံးဖြစ်သည်။ ယခု လက်မခံလိုက်ပါက ခနလောက်နေလျှင် သူအလောင်းကောင် ဖြစ်နေလောက်ပြီ။သွားစရာရှိတာသွားရမည်သာ ကိုယ့်ကို အထင်အမြင်သေးအောင် ဘာလို့လုပ်နေဉီးမည်နည်း။လောလောဆယ် မော့ကျိုးရှောင်သည် အတော်လေးကောင်းနေသေးသည်။အနည်းဆုံးတော့ သူသည် ငရဲကို ပစ်မချခင် နတ်ပြည်ကိုတော့ ခေါ်သွားလိမ့်ဉီးမည်။

ဒီလိုသာဆို ပိုတောင်ဆိုးတဲ့သေခြင်းဖြစ်ဉီးမယ်ဆိုပေမယ့်လည်း သိပ်တော့စိတ်မပူပါဘူး ၊ ဒီနေရာကနေ ထွက်သွားလို့ရတဲ့ အချိန်ထိသာစောင့်နေလိုက် ၊ ဒီနှာဘူးကောင်နဲ့ သေချာပေါက်ကို ဝေးဝေးနေမှာ ၊အဲ့ခါကျရင် သူတို့က ဘာမှမဆိုင်တော့ဘူး ၊ နောက်ကနေလည်း ဘယ်သူမှ လိုက်လာနိုင်မှာမဟုတ်ဘူး။

သူ့ကိုမှ ဘာလို့ ဒီကမ္ဘာကို ပို့ရသလဲ ဆိုသည်ကို ခြူးမုယွင် အံ့သြမိသော်လည်း သူဟာအနှောင်အဖွဲ့မရှိသော လူလွတ်တစ်ယောက်ဖြစ်တာကြောင့် ဘယ်မှာဘယ်လိုပဲ နေရနေရ သိပ်တော့ ကိစ္စမရှိပေ။

ခြူးမုယွင်၏ အဖြေကိုကြားသော် မော့ကျိုးရှောင်၏ နှုတ်ခမ်းထောင့်တို့ကော့တက်သွားကာ ခပ်ပါးပါးလေး ပြုံးလိုက်၏။သူသည် သူ၏ ဖျော့တော့သောလက်များကိုဆန့်တန်းပေးလိုက်သည်။

မော့ကျိုးရှောင်၏ ရည်ရွယ်ချက်မှာ ခြူးမုယွင်ကို ဆွဲထူဖို့ဖြစ်၏။ခြူးမုယွင်သည်လည်း သူ၏လက်များကိုမြှောက်လိုက်သည် ။ထိုအခါမှသိလိုက်ရသည်မှာ သူ၏ လက်မှာ သနားစရာအောင်းလောက်အောင် သေးကွေးနေလေ၏။ထို့ပြင် ဖုန်များနှင့် ညစ်ပတ်ပေကျံမည်းတူးနေကာ သွေးများပင် စွန်းနေလိုက်သေးသည်။မော့ကျိုးရှောင်၏ လက်နှင့် ယှဉ်လိုက်သော် လမင်းကြီးနှင့် ရွံ့ခဲ လိုပင်။ကွာခြားနေမှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ထိလိုက်သည်နှင့် ပျက်စီးသွားတော့မယောင်ထင်ရ၏။

ခြူးမုယွင် ခေတ္တရပ်သွားသည်။

သို့သော်လည်း နောက်တစ်ခဏမှာပင် မော့ကျိုးရှောင်သည် ခြူးမုယွင်၏လက်ဖဝါးပြင်လေးကို သူ၏လက်ဖြင့် ရစ်ပတ်ထားပြီး ဖြစ်နေတော့၏။

အားအနည်းငယ် သုံးရုံနှင့်ပင် မော့ကျိုးရှောင်သည် ခြူးမုယွင်၏ တစ်ကိုယ်လုံးကို သိမ်းကြုံးပွေ့ချီထားလိုက်သည်။စူးရှသော ရနံ့သည်လေနှင်ပါလာပြီး ထိုလတ်ဆတ်သောရနံ့လေးက သွေးနံ့ ၊ မီးလောင်ညှော်နံ့နှင့် တစ်နေရာလုံး၏ ပုပ်သိုးနေသောအနံ့များကို ဖုံးလွှမ်းသွား၏။သူတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ဖန်တီးပေးထားသလိုဖြစ်နေပြီး တောင့်တင်းနေသောကောင်လေးကို သက်တောင့်သက်သာ မဖြစ်ပဲ မနေနိုင်အောင် ဖြစ်စေသည်။

မော့ကျိုးရှောင်က သူ၏ နားနားကိုကပ်ကာ တီးတိုးပြော၏။ " မင်း​ခြေထောက်ကဒဏ်ရာရထားတော့ ခုလောလောဆယ် ငါကပဲမင်းကိုသယ်သွားပေးမယ် ၊ ဟိုရောက်ရင်တော့ ငါမင်းကို ကုပေးမယ်နော် "

ခြူးမုယွင်၏ မျက်ဝန်းများမှာ စိတ်ရှုပ်ထွေးနေဟန်ရှိပြီး သူသည် မသက်မသာဖြင့်သာ " ကောင်းပါပြီ " ဟုပြောလိုက်သည်။

ခြူးမုယွင်ရဲ့ ရှက်သလိုကြောက်သလို တွန့်ဆုတ်ဆုတ်အမူအရာလေးသည် မော့ကျိုးရှောင်၏ အပြုံးများကို ပိုမိုပီပြင်လာစေ၏။သူဟာ ခြူးမုယွင်ရဲ့ အားနည်းတဲ့ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။ " ခုတော့ မျက်လုံးလေးမှိတ်ပြီး နားလိုက်တော့နော် ၊ မကြောက်နဲ့ ၊ အခုကစပြီး ငါရှိနေတဲ့အတွက် မင်းကို ဘယ်သူမှ အနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး "

ခြူးမုယွင်သည် နာခံစွာနဲ့ပဲ သူ၏ ပုခုံးကိုမှီကာ အနားယူလိုက်သည်။သို့သော် သူတို့၏ မျက်ဝန်းများ အမှတ်တမဲ့ ဆုံစည်းလိုက်ပြီးနောက်မှာတော့ အစက စိတ်လှုပ်ရှားကာ ရှုပ်ထွေးနေခဲ့သော မျက်ဝန်းတစ်စုံသည် တစ်ခါတည်း မှောက်မိုက်သွားတော့၏။ထိုမျက်ဝန်းထဲတွင် မြင်ရသမျှက အေးစက်ခြင်းတို့သာ...

မော့ကျိုးရှောင် ခြူးမုယွင်ကို ထိလိုက်သည့် အချိန်ကတည်းက ' Beep ' ဟူသည့် ကြွပ်ဆတ်သည့် အသံတစ်ခုကို ကြားလိုက်ရပြီး နွေးထွေးမှုမရှိသည့် လျှပ်စစ်သံတစ်ခုက​စကားပြောလာ၏။ " ပစ်မှတ် အတည်ပြုပြီးပါပြီ ၊ ကျေးဇူးပြုပြီး အချက်အလက်များကို တတ်နိုင်သမျှစုဆောင်းပါ ၊ တာဝန်ကိုပြီးမြောက်အောင်ထမ်းဆောင်ပါ "

အကယ်၍ သာမာန်လူတစ်ယောက်ကသာ ဤကဲ့သို့အသံမျိုးကိုကြားခဲ့ပါလျှင် အလွန် ကြောက်ရွံ့သွားလောက်မည်ဖြစ်သည်။သို့သော် ခြူးမုယွင်ကတော့ တည်ငြိမ်နေလေ၏။တစ်ဖက်မှာ သူသည် အလွန်ထူးခြားသော စိတ်နေသဘောထား ပင်ကိုယ်စရိုက်ရှိသူဖြစ်ပြီး တစ်ဖက်မှာတော့ မော့ကျိုးရှောင်ဆိုသည့်လူအကြောင်းကို ကောင်းကောင်းကြီး သိပြီးတာကြောင့်ဖြစ်သည်။ဒီလူသည် အပေါ်ယံတွင်တော့ သိမ်မွေ့သယောင်ရှိသော်လည်း သူ့ရှေ့မှာ အမှားလုပ်မိပါကအကျိုးဆက်အနေနှင့် ဒုက္ခရောက်သွားလိမ့်မည်။

ခြူးမုယွင်စိတ်ထဲတွင် သံသယများစွာရှိနေသော်လည်း မမေးမိအောင်ထိန်းထားလိုက်ပြီး မော့ကျိုးရှောင်ကိုသာ မှီနေလိုက်ကာ လက်ရှိအခြေအနေကို ချင့်ချိန်တွေးဆနေလိုက်သည်။

ဤနေရာက ' နတ်ဆိုးတို့၏တိုင်းပြည် ' ၊ သူ့အားချီထားသောသူမှာ မော့ကျိုးရှောင် ၊ သို့သော် ခြူးမုယွင် သေချာတာတစ်ခု ဒီအခန်းကို သူလုံးဝ မရေးခဲ့ဖူးတာပင်။ထို့ကြောင့် ဒီအခန်းသည် မူရင်းဇာတ်ကြောင်း၏ နောက်ခံဇာတ်ကြောင်းပင်ဖြစ်ရမည်။( ဆိုလိုတာက မော့ကျိုးရှောင် နောက်ပိုင်းမှာ ဖြစ်လာမယ့် အခန်းတွေမတိုင်မီ အဲဒီ့အခန်းတွေကို ဖြစ်စေခဲ့တဲ့ နောက်ကွယ်က အကြောင်းအရာလေး ) သူ မော့ကျိုးရှောင်ကိုနားလည်ထားသည့် ပုံစံအရ တစ်မိသားစုလုံးကို ဖျက်စီးခြင်း ၊ မိဘမဲ့ တစ်ယောက်ကို မွေးစားဖို့အရေး လူပေါင်းရာနှင့်ချီ သတ်ဖြတ်ခြင်းတို့သည် ပုံမှန်သာဖြစ်ပြီး သူ၏ ပေါက်ကရ ဝါသနာကြီးအအား ဖြည့်ဆည်းရန်အတွက် လုပ်နေကျနည်းလမ်းများထဲမှ တစ်ခုသာဖြစ်ချေ၏။

အစကတော့ ခြူးမုယွင်၏ အစီအစဉ်မှာ သူဒီနေရာကနေထွက်သွားပြီး မော့ကျိုးရှောင်နှင့် ဝေးဝေးမနေခင် ခေတ္တသည်းခံစောင့်ဆိုင်းဖို့သာဖြစ်သည်။သို့သော် သူ၏ ခေါင်းထဲမှ အသံကိုကြားလိုက်ရသောအခါတွင်မူ ကိစ္စများဟာ သူထင်သလောက်မရိုးရှင်းမှန်းခန့်မှန်းမိလာ၏။

မော့ကျိုးရှောင်သည် နတ်ဆိုးတိုင်းပြည်၏ အရှင်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး ထူးခြားသောစွမ်းရည်များရှိသူဖြစ်သည်။မျက်တောင် တစ်ခတ်အတွင်းမှာပင် ဖီးနစ်တစ်ထောင်တောင်ထွဋ်ရှိ နတ်ဆိုးအရှင်၏ နတ်ကွန်းသို့ရောက်ရှိသွားတော့၏။

သူ၏ ဖြစ်တည်မှုနှင့် လျော်ညီစွာပင် ခမ်းနားသော နန်းတော်ကြီးမှာ ပန်းခက်နွယ်လို တိမ်စိုင်တိမ်လိပ်တို့အကြားတည်ရှိ၍ ကျောက်စိမ်းဖြူလှေကား ၊ ကျောက်စိမ်းရောင်ခြည်တို့ဖြာထွက်ရိုက်ခတ်ကာ နတ်ပြည်တမျှရှိနေပြီး နတ်ဆိုးတိုင်းပြည်နှင့် တစ်စက်ကလေးမှ တူမနေချေ။

သူ ခြူးမုယွင်အား ချီဝင်သွားချိန် သူ၏ ကိုယ်ပိုင် ကိုယ်ရံတော် ခေါင်းဆောင်က အရိုအသေပေးကာ လေးစားစွာ နှုတ်ဆက်လာတော့သည်။ " အရှင်... "

မော့ကျိုးရှောင် က ခပ်သာသာကလေးသာ အသိအမှတ် ပြန်ပြုလိုက်သည်။

ခြူးမုယွင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး အနည်းလောက်တော့ အံ့သြသွားသည့်ပုံ လုပ်ပြမှ တော်ကာကျမည်ဟု တွေးမိလာသည်။ထို့ကြောင့် ခေါင်းလေးကိုမော့ကာ " အရှင် ? "

မော့ကျိုးရှောင်က သူ့ကို နူးညံ့စွာ ကြည့်လာပြီး " မင်းငါ့ကို အဖေလို့ခေါ်ချင်လား "

ခြူးမုယွင် ခေတ္တရပ်ဆိုင်းသွားသည်...။သူ့ကို တုန့်နှေးအောင် လုပ်နေသည်က...ရာထူးအဆင့်ဆင့်တွက်ချက်ပုံမှာ အနည်းငယ် ရှုပ်ထွေး၏။ သီအိုရီကျကျပြောရမည်ဆိုလျှင် ငါကမှ မင်းအဖေ ဖြစ်သင့်တာ...

သေချာပေါက်ကို မော့ကျိုးရှောင်ကတော့ အဲ့လိုမထင်ဘူးလေ...သူသည် ခြူးမုယွင်၏ ကျောပြင်လေးကို ငြင်သာစွာ ပွတ်ပေးကာ စိတ်ရှည်နွေးထွေးသောအသံဖြင့် " အလျင်မလိုပါနဲ့ ၊ မင်းကခုပဲ မိဘနှစ်ပါးလုံးဆုံးရှုံးထားတာကို ငါက ဒီအကြောင်းပြောတော့ မင်းကို ဝမ်းနည်းအောင် လုပ်မိသလို ဖြစ်သွားတယ် "

တကယ်လို့ မင်းတကယ်ပဲ တခြားသူတွေကို ဝမ်းနည်းအောင် မလုပ်ချင်ဘူးဆိုရင်လေ သူတို့ရဲ့တစ်မိသားစုလုံး လိုက်သတ်နေတာမျိုးတွေ ရပ်လို့ရမလားဟင် ? ခြူးမုယွင်သည် စိတ်ထဲမှ အထွန့်တက်နေသော်လည်း မျက်နှာလေးကိုတော့ ပူဆွေးနေဟန်လုပ်ထားကာ မျက်လွှာလေးကိုချထား၏။

မော့ကျိုးရှောင်က သက်ပြင်းအသာအယာချပြီး တိုးကာသာ ဖက်ထားလိုက်တော့သည်။

ခြူးမုယွင်သည် သူ့ရှေ့ရှိ ဖျော့တော့သော လည်တိုင်လေးကိုကြည့်ပြီးမထင်မှတ်ထားစွာပင်နောင်တတို့ ရလာ၏။မော့ကျိုးရှောင်၏ သွင်ပြင်မှာ သူ့အကြိုက်ဆုံးပုံစံနှင့် တစ်ထပ်တည်းပင်ဖြစ်သည်။သူ့ရဲ့ ဆိုးရွားသည့် ဇာတ်ကောင်စရိုက်ကြီးကြောင့်သာ မဟုတ်ပါက သူနှင့်တစ်ခါလောက်လုပ်လိုက်ရလျှင်လည်း စိတ်မရှိပေ။ ( ဟုတ်ကဲ့ ရှင်တို့ထင်သလိုပါပဲ ဟိုဟာလုပ်တာကိုပြောတာပါ သူကမော့ကျိုးရှောင်ကို လုပ်ချင်နေတာပါ )

ခုတော့ ခက်တာပဲ...ဒီလူ၏ စိတ်နေစိတ်ထားကို စဉ်းစားကြည်တော့ စိတ်ထဲမှာ သက်ပြင်းသာ ချနိုင်တော့သည်။သူသာ တစ်နေ့မှာ ဒီစာအုပ်ထဲ ရောက်လာမှာကြိုသိခဲ့လျှင် မော့ကျိုးရှောင်က ဒီလူကို သေသေကြေကြေ ပစ်ထားခဲ့လိုက်ဖို့ကိုသာလျှင် ဇာတ်ကွက်ချခဲ့မည်ဖြစ်၏။

ထိုသို့တွေးနေစဉ်မှာပင် လျှပ်စစ်သံကြီးက ခေါင်းထဲပေါ်လာပြန်ပြီး အနိမ့်အမြင့်မရှိသောအသံဖြင့် စကားနှစ်လုံးပြောလိုက်သည်။
" ဟီး ဟီး "

ခြူးမုယွင် မျက်ခုံးပင့်သွားသော်လည်း ခါတိုင်းလိုပင် သည်းခံကာ ပါးစပ်မပွင့်အောင် ထိန်းထားလိုက်နိုင်၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now