67

4.3K 860 19
                                    

Unicode

အကယ်၍ Zero လေးသာ အနှောင့်အယှက်မပေးခဲ့လျှင်၊ လူသားမဆန်သော ပုံတွေ၊ ဗီဒီယိုတွေ မပို့ခဲ့ဘူးဆိုလျှင် ခြူးမုယွင်လည်း စိတ်ထိန်းနိုင်တော့မည်မဟုတ်ပေ။ သူ့အရှေ့မှ အလှလေးကို တစ်ခုခု၊ သို့မဟုတ် နှစ်ခုလောက် လုပ်ပစ်လိုက်နိုင်သည်။

သို့သော် ထိုသို့သာဖြစ်ခဲ့လျှင်၊ သို့တည်းမဟုတ် ထိုအလှလေးအပေါ် တပ်မက်မိခဲ့လျှင် သူ့ကိုစောင့်မျှော်နေမည့် တစ်ဦးသောအရာကား သေခြင်းတရားပင်ဖြစ်၏။

ဤသို့အကျင့်ပျက်သော မိစ္ဆာသားရဲသုံးကောင် တည်ရှိနေမှုကြောင့် ရမ္မက်အရှင်သခ‌င်မှာ ကိုယ်တိုင်လှုပ်ရှားရန်ပင် မလိုတော့ချေ။  သူ့အတွက် သာယာမှုရှာဖွေရန် အတော်လေး လွယ်ကူပေ၏။

မွေးရာပါ တုနှိုင်းမဲ့ရုပ်ရည်သွင်ပြင်၊ ထပ်ပေါင်း၍ နွေဦးသားရဲနှင့် မာယာသားရဲတို့၏ အကူအညီနှင့်ဆိုလျှင် ငါးစာလာဟပ်မည့် သားကောင်ကို ထိုင်စောင့်နေရုံသာ။ လူတွေရဲ့နှလုံးသားနှင့် ဆော့ကစားရန် အခက်အခဲဟူ၍ လုံးဝမရှိပေ။

သို့သော် လူတစ်ယောက်၏ နှလုံးသားကား မှန်းဆရခက်သည်။ အချစ်က ပို၍ပင် အံ့အားသင့်ဖွယ်ကောင်း၏။

အချစ်ဟူသည့်အရာက လူတစ်ဦး၏ရုပ်သွင်၊ ဂုဏ်သတင်း၊ ရာထူးအာဏာများနှင့် သက်ဆိုင်နိုင်သလို လုံးဝမသက်ဆိုင်တာလည်း ဖြစ်နိုင်ပြန်သည်။ တစ်စုံတစ်ယောက်နှင့် နှစ်ပေါင်းထောင်ချီ အတူရှိနေခဲ့သော်လည်း အချစ်မရှိတာမျိုး ဖြစ်နိုင်သလို တစ်ခါတရံတွင် အကြည့်လေးတစ်ချက် စုံလိုက်ရုံဖြင့် နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်သွားနိုင်သည်။

အချစ်တွင် စည်းမျဉ်းဥပဒေဟူ၍မရှိ၊ ကြိုတင်မှန်းဆနိုင်ရန် မဖြစ်နိုင်ပေ။ အချစ်သည် အံ့ဩဖွယ်ရာများနှင့် ပြည့်နှက်နေပြီး အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရန် စိန်ခေါ်မှုကြီးတစ်ရပ်ပင်။

ထို့ကြောင့် ရှဲ့ချင်းလန်က အချစ်မှာကျရှုံးသွားသော လူတွေ၏အကျင့်စရိုက်၊ တုံ့ပြန်မှုများကို အလွန်စိတ်ဝင်စားသည်။

ထို့နည်းတူ လိုအင်ဆန္ဒများဖြင့် သူ့ရင်ခွင်ထဲ တိုးဝင်လာသော၊ စိတ်ဓာတ်ပျော့ညံ့သော လူသားများကို မုန်းတီးသည်။ သူ့မျက်နှာလေး မြင်ရုံမျှဖြင့် အရူးအမူးဖြစ်တတ်သော၊ လေထဲတိုက်အိမ်ဆောက်သလို စိတ်ကူးယဉ်တတ်သော လူတွေကိုလည်း မုန်းတီးသည်။ အဆိပ်သီးမှန်း သစ်သီးမှန်းမသိ၊ စကားချိုချိုလေးတွေအောက် စုံလုံးကန်းတတ်သူများကို ပို၍ပင်မုန်းတီး၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now