131

2.9K 611 36
                                    

Unicode

“လင်းမု”

လင်းရွှမ် နောက်ဆုံးတော့ တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့ချေပြီ။ ဂိတ်တံခါးဝမှ အမျိုးသားကို မျက်ဝန်းချင်း စုံသည်အထိ မော့ကြည့်လိုက်၏။ သူ့ရဲ့အကြည့်က ထိုအမျိုးသားပေါ် မြဲမြံစွာ။

“နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ..”

ခြူးမုယွင်က နှစ်ပေါင်းတစ်ရာကျော် ပုန်းကွယ်နေခဲ့သည်။ ထို့ကြောင့် လင်းရွှမ်ခမျာ ဝိဉာဉ်နယ်မြေတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သည်အထိ ရှာဖွေခဲ့သည့်တိုင် ခြူးမုယွင်ကို ရှာမတွေ့ခဲ့ပါချေ။

‘လင်းမု’ ဟူသော ထိုလူသားက တစ်ခါမှမတည်ရှိခဲ့ဖူးသော ဖြစ်တည်မှုတစ်ခု ဖြစ်‌နေသောကြောင့်ပင်။ သို့ဖြစ်ရာ မည်သည့်အထောက်အထားဖြင့် လိုက်ရှာရမည်နည်း။

ခြူးမုယွင်က စကားတစ်ခွန်းမျှမပြောဘဲ လင်းရွှမ်ကိုသာ စိုက်ကြည့်နေခဲ့သည်။

တစ်ဦးကိုတစ်ဦး စူးစိုက်ကြည့်လျက်။ အကြည့်စူးစူးတို့က ဖြတ်သန်းခဲ့ဖူးသော အချိန်ကာလများကို အနှစ်ချုပ်လိုက်သလို၊ နာရီတွေကို နောက်ပြန်ဆုတ်၍ သူတို့စတင်တွေ့ဆုံခဲ့သော လှပနွေးထွေးသည့် နေ့ရက်များသို့ ပြန်ရောက်သွားရသလို။

စိတ်မကောင်းစရာကား…

အရာအားလုံးသည် အပေါ်ယံများသာ။

ခြူးမုယွင်က သတိပေးခြင်းအလျင်းမရှိပါဘဲ လက်မြှောက်၍ သူ့ရဲ့ဓားကို ဆင့်ခေါ်လိုက်သည်။ သူ့ရဲ့ဟန်ပန်က ပျံသန်းနေသော နဂါးတစ်ကောင်နှယ် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေလေ၏။ ဓားရှည်က အရှိန်အဟုန်ပြင်းစွာ လေထုကိုဖြတ်သန်း၍ လင်းရွှမ်၏ သေကွက်သေကွင်းနေရာသို့ ဦးတည်နေလေပြီး ချစ်ခြင်းဟူ၍ မြူမှုန်တစ်စပင် မပါဝင်ခဲ့ချေ။

လင်းရွှမ်က ခြူးမုယွင်၏တိုက်ကွက်ကို ကိုယ်ပိုင်လက်နက်ဖြင့် ခုခံလိုက်သည်။ မှော်လက်နက်နှစ်ခု တွေ့ဆုံချိန်ဝယ် ပြင်းထန်လွန်းသော အရှိန်အဟုန်ကြောင့် ပတ်ဝန်းကျင်လေထုကို လှုပ်ခတ်သွားစေခဲ့၏။ ထိုမှထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက တောင်ထိပ်တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now