108

3.4K 750 96
                                    

Unicode

အပြတ်ပြောပြီးသည်နှင့် ခြူးမုယွင်ဟာ ရှဲ့ချင်းလန်ကို ထပ်မကြည့်တော့ပေ။ မျက်နှာလွှဲ၍ ရှန်ရွှိန်ယန်းကိုသာ ပွေ့ဖက်ထားခဲ့ပါ၏။ လူငယ်လေး၏ဒဏ်ရာကို ဂရုတစိုက် ကုသပေးနေရင်း မျက်လွှာချကာ တတွတ်တွတ် ပြောနေခဲ့သည်။

“ရှောင်ယန်း.. ကိုယ်တောင်းပန်ပါတယ်..”

ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရသော ထိုလေးနှစ်အတွက် ရှန်ရွှိန်ယန်းကို တောင်းပန်နေမိသည်။ စိတ်ရင်းအမှန်ဖြင့် တောင်းပန်နေခဲ့မိသည်။

ထိုအပြုအမူကြောင့် ရှန်ရွှိန်ယန်းမှာ တောင့်မခံနိုင်တော့ပေ။ ခြူးမုယွင်ကို အားဖြင့်ဆောင့်ဆွဲလိုက်ရင်း ဦးခေါင်းကိုနှိမ့်စေလျက် အားပါးတရ နမ်းရှိုက်ပစ်လိုက်တော့၏။ ထိုအနမ်းထဲတွင် ကြည်နူးခြင်းများနှင့်အတူ နက်ရှိုင်းစွာသော ချစ်ခြင်းတရားများ ပါဝင်နေခဲ့လေသည်။

တစ်ဖက်လူကလည်း ထပ်တူညီသော ခံစားချက်မျိုး တုံ့ပြန်ပေးအပ်လာသောအခါဝယ်...

တစ်ကမ္ဘာလုံးတွင် တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာ ဖက်တွယ်ထားသော ထိုလူနှစ်ဦးမှလွဲ၍ တခြားဘယ်သူမှ မရှိတော့သလို၊ ရိုးတွင်းခြင်ဆီအထိ စွဲမြဲနေသော သူတို့၏ချစ်ခြင်းတရားကို မည်သည့်စကားလုံးနှင့်မျှ ဖွဲနွဲ့၍မရနိုင်တော့သလို၊ သက်ဆုံးတိုင် အတူလက်တွဲ၍ နေသွားချင်မိတော့သည်။

ထိုမြင်ကွင်းကို ငေးကြည့်နေမိရင်း ရှဲ့ချင်းလန်၏ မျက်နှာလေးသည် ဖြူဖျော့သည်ထက် ဖြူဖျော့လာခဲ့တော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် အနီရောင်ဝတ်ရုံရှည်သည် သွေးအတိလွှမ်းနေသလို နီရဲတောက်နေပြီး ထိုအမျိုးသား၏ အလှတရားကို ဝမ််းနည်းခြင်းနှင့် စိတ်အားငယ်ခြင်းများ ဖြည့်စွက်နေလေ၏။

ခြူးမုယွင်သည် ရှဲ့ချင်းလန်ကို မျက်ဝန်းထောင့်မှ တစ်ချက်သာ စောင်းငဲ့ကြည့်၍ အကြည့်လွှဲလိုက်သည်။ ပြီးနောက် ရှန်ရွှိန်ယန်းအား အသာတွန်းဖယ်ကာ ချီတုံ့ချတုံဖြစ်နေဟန် အပြုံးလေးဖြင့်..

“ကိုယ့်ကို ခနစောင့်ပေးနော်..”

ရှန်ရွှိန်ယန်းက မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now