94

3.7K 737 35
                                    

Unicode

လူငယ်လေးဟာ ပွယောင်းယောင်း မီးခိုးရောင်ချည်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားလေ၏။ ကြည့်လိုက်ရုံဖြင့်ပင် သူ့အင်္ကျီမဟုတ်မှန်း သိသာနေသည်။ သို့သော် ဖရိုဖရဲအဝတ်အစားများက ထိုလူငယ်လေး၏ နူးညံ့သိမ်မွေ့လှသော မျက်နှာလေးကို အနည်းငယ်မျှပင် မဖုံးကွယ်နိုင်ချေ။ အသားအရေက ပြစ်မျိုးမှဲ့မထင်သော အဖြူရောင်ကျောက်စိမ်းတစ်ပါးနှယ် ဖြူဖျော့လျက် သူ့တွင် အလွန်ရှားပါးသော ဆံပင်အရောင်မျိုးရှိပါ၏။ ဝတ်ဆင်ထားသော အပေါစားအဝတ်အထည်များနှင့် မလိုက်ဖက်အောင် တောက်ပြောင်ချောမွေ့သော မီးခိုးရောင်ဖျော့ဖျော့ ဆံနွယ်ခွေများက ကျောအလယ် ပြန့်ကျဲနေလေသည်။

လူအများ ဆဲရေးတွန်းထုတ်နေသည့်တိုင် လူငယ်လေးသည် အနည်းငယ်မျှပင် အမူအရာမပျက်ယွင်းခဲ့။ ထိုသူများကိုသာ အသံတိတ် စူးစိုက်ကြည့်နေခဲ့လေ၏။

သူ၏ပုံစံက ဘာအရာကိုမှ မကြားရသလို၊ မမြင်ရသလို။ ဘယ်သူကမှ သူ့ကို မနှောင့်ယှက်နိုင်သလို...

သို့သော် ထိုအပြုအမူကပင် လူအများကို ပိုမိုဒေါသကြီးလာစေခဲ့သည်။

“ခံစားချက်မရှိတဲ့ မိစ္ဆာကောင်..!”

“မကောင်းဆိုးဝါး.. လူတွေကို သောကလိုက်ပေးနေတယ်..!”

“ဘေးကလူတိုင်းကို ကံဆိုးအောင် လိုက်လုပ်နေတာ..! မျက်စိသနလိုက်တာကွာ..! ကိုယ့်အကြောင်း ကိုယ်သိရင်လည်း လူတွေနဲ့ ခပ်ကင်းကင်းနေပါလား..? စိတ်ပျက်စရာကောင်..!”

အယုတ္တအနတ္တစကားများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာချိန်၊ လူအိုကြီးက ဒေါသတကြီး အော်ငေါက်လိုက်သည်။

“နောက်ဆုတ်ကြစမ်း..!”

ဆရာဖြစ်သူ၏ အမိန့်အာဏာကို ကြောက်ကြတာကြောင့် ဆေးမြစ်တူးသူများလည်း အသံတိတ်သွားပြီး လူအိုကြီးကို ဦးညွတ်ကာ ကပျာကယာ ထွက်သွားကြတော့သည်။

ခြံဝင်းထဲတွင် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးသာ ကျန်ရစ်ခဲ့တော့၏။

လူအိုကြီးက ထိုလူငယ်လေးကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now