61

4.2K 908 33
                                    

Unicode

သုံးနှစ်ကြာသွားသည့်တိုင် ခြူးမုယွင်၏ရုပ်သွင်က ပြောင်းလဲမှုသိပ်မရှိပေ။ သို့သော် ရှန်ရွှိန်ယန်းသည်ကား ချစ်စဖွယ် ကလေးငယ်လေးအဖြစ်မှ ရှုချင်စဖွယ် ကောင်ငယ်လေးအဖြစ်သို့ ကြီးပြင်းလာခဲ့ချေပြီ။

အသက်ဆယ်နှစ်အရွယ် ကလေးများသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု များများစားစားမရှိသေးသလို ကလေးဆန်ပြီး ယောက်ျား၊ မိန်းမဟူ၍ ခွဲခြားမရအောင် ချစ်စဖွယ်ကောင်းကြပေ၏။ အထူးသဖြင့် ရှန်ရွှိန်ယန်းလို ကလေးများပင်။

ခြူးမုယွင်က  ရှန်ရွှိန်ယန်းအား အလိုလိုက်ထားသည်။ သူ့လက်အောက်မှ လူများကလည်း မျက်ကန်းများမဟုတ်သောကြောင့် အကောင်းဆုံးဆိုသော အရာများကို ပေးပို့တတ်ကြသည်။ သို့နှင့် လက်ဆောင်ပဏ္ဏာအားလုံး ရှန်ရွှိန်ယန်းထံသာ စုပုံသွားတော့သည်။

‘အလိုလောဘ’ အရှင်အတွက် လိုအင်ဆန္ဒသည် မွေးရာပါဗီဇတစ်ခုပင်။

ရှန်ရွှိန်ယန်းသည် အရောင်စုံသော၊ လှပသော ပစ္စည်းလေးများကို တဖြည်းဖြည်း သဘောကျတတ်လာသည်။ ရှုပ်ထွေးလေးလံသော အဆင်တန်ဆာများက တခြားလူများဝတ်လျှင် မျက်စိရှုပ်ဖွယ်၊ အလွန်အကြူး ဆင်ယင်ထားသလို ဖြစ်နေပါသော်လည်း ရှန်ရွှိန်ယန်းအတွက်တော့ ထိုသို့မဟုတ်။ လှပလွန်းသော အသွင်အပြင်ကြောင့် အဆင်တန်ဆာများက သူ့ရဲ့အလှတရားကို ပိုမိုပေါ်လွင်စေသည်။

လူသားနယ်မြေသည် ကုန်ကြမ်းများဖြင့် ပြည့်နှက်နေပြီး အလှပဆုံးသော လက်ရာများကို ဖန်တီးနိုင်စွမ်းရှိ၏။ အထင်ကရ ကျင့်ကြံသူများက ရှားပါးသော ရတနာပစ္စည်းများကိုပင် ဆက်သလာကြသည်။ ခြူးမုယွင်၏ မျက်နှာသာပေးမှုကို ရရှိနိုင်ရန်အလို့ငှာ ပိုင်ဆိုင်သမျှအားလုံးကိုပင် မတုံ့မဆိုင်း ထုတ်ယူလာကြပြီး ရှန်ရွှိန်ယန်းထံ ပို့ဆက်ကြတော့သည်။

ဤသုံးနှစ်တွင် ရှန်ရွှိန်ယန်း၏ဘဝက ဘုရင့်သားတော်များပင် မယှဉ်သာအောင် ပြီးပြည့်စုံလှ၏။ အစားအသောက်မှသည် အဝတ်အထည်အထိ အကောင်းဆုံးအရာများကိုသာ ရရှိခဲ့သည်။ သူ့အနား ခစားရသော အစေခံများပင်လျှင် တော်ဝင်ဆန်ဆန် ဝတ်စားထားကြသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now