185

2.5K 528 42
                                    

Unicode

တကယ်တော့ ထိုမြင်ကွင်းကို မြင်လိုက်ကတည်းက ‘အားမု’ သူနှင့်ပြန်လိုက်တော့မည်မဟုတ်မှန်း ကျွင်းမော့ သိလိုက်သည်။ သို့သော် လက်မလျော့တမ်း မေးချင်နေဆဲ။

‘အားမု’က ဆေးညွှန်းသွားယူချင်ရုံပါဟု သူ့ကို ပြောသွားခဲ့သည်။ ထို့ကြောင့် ယခု သူ လာခေါ်သည့်အချိန် ပြန်လိုက်သင့်သည် မဟုတ်ပါလား။ သို့သော် ခြူးမုယွင်၏ အေးစက်စိမ်းကားသော အကြည့်ကြောင့် ထိုအတွေးများအားလုံး တစ်စစီ ပြိုကွဲသွားရသည်။

ကျွင်းမော့ခမျာ ဆက်မတည်ငြိမ်နိုင်တော့ပေ။ မျက်ခုံးသွယ်သွယ်ထက် ကြောက်လန့်စိုးထိတ်ခြင်းများ စိုးမိုးလာပြီး ငွေရောင်မျက်ဝန်းအိမ်ထဲဝယ် စိုးရိမ်ပူပန်ခြင်းများ စွန်းထင်းလာသည်။ ဖြူလွလွနှင်းလွင်ပြင်ပေါ် မှင်ရည် ပက်ဖြန်းလိုက်သကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်အတိ။

ခြူးမုယွင်ကတော့ ထိုမြင်ကွင်းကိုကြည့်၍ ရယ်စရာကောင်းလိုက်တာဟု တွေးနေခဲ့သည်။

ကျွင်းမော့ကို ရိုးသားဖြူစင်တဲ့ ကလေးလို့ ထင်ထားခဲ့တာ။ အခုတော့ ကြည့်ပါဦး.. ဘယ်နား ဖြူစင်လို့လဲ..? အကြံကြီးတယ်၊ သွေးအေးရက်စက်တယ်၊ သူ လိုချင်တာရဖို့ ဘာမဆိုလုပ်နိုင်တဲ့ကောင်ပဲ..!

ကျွင်းမော့၏ လက်ရှိအပြုအမူနှင့် ယခုလေးတင် ရှန်ရွှိန်ယန်းနှင့် ပြောဆိုနေသော စကားလုံးများကို တွေးလိုက်မိသောအခါ သူ၏အသွေးအသားများ အေးစက်သွားရသည်။

အကယ်၍ ရှဲ့ချင်းလန်ထံမှ အမှန်တရားကိုသာ မသိခဲ့ရဘူးဆိုလျှင် ဤနှစ်ယောက်ကြောင့် သူ သေသွားနိုင်သည်။ မဟုတ်သေးဘူး.. လိုလိုလားလားဖြင့် အသေခံသည်အထိ လှည့်စားခံလိုက်ရနိုင်သည်။

ထိုသို့တွေးမိသည်နောက် ခြူးမုယွင်မှာ သွေးပွက်ပွက်ဆူလာပြီး ချောင်းဆိုးသွေးအန်လုမတတ်။ ရှဲ့ချင်းလန်က သူ့ရင်ဘတ်မှသွေးကြောကို အချိန်မီ ဖိပေးခဲ့၍သာ သူ၏ဂုဏ်သိက္ခာကို ကာကွယ်နိုင်လိုက်ခြင်းပင်။

ခြူးမုယွင်လည်း ရှဲ့ချင်းလန်ကို ကျေးဇူးတင်စွာဖြင့် မော့ကြည့်လိုက်မိ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now