35

5.1K 1K 85
                                    

Unicode

ဖီးနှစ်တစ်ထောင်တောင်ထိပ်၏ ဥတုလေးလီမှာ သိသိသာသာ ကွဲပြားလှသည်။

ဇီးပန်းရောင်ဝါတောင်ထိပ်မှာမူ ရေခဲလွှာများ၊ ဆီးနှင်းပွင့်များဖြင့် ဖုံးလွှမ်းနေပြီး ဇီးပန်းပွင့်များဟာ ကောင်းကင်ယံထက် လွင့်မျောနေ၏။

သို့သော် ဖီးနှစ်တစ်ထောင်တောင်ထိပ်၌ ဆောင်းဦးရာသီမျှသာ ရှိသေးသည်။ သစ်ရွက်များဟာ အဝါရောင်သမ်းနေပြီး တိုက်ခတ်နေသော လေညှင်းနှင့်အတူ သစ်ပင်ထိပ်၌ လွင့်မျောနေလေ၏။ လေပြင်းတစ်ချက် ဝှေ့လိုက်သည်နှင့် ဆွတ်ကြွေရန် မစောင့်နိုင်သကဲ့သို့ သစ်ကိုင်းထက်မှ ဖြည်းညှင်းစွာ ဝေ့ဝိုက်ကျဆင်းလာသည်။ ထို့နောက်တဖန် မြေဆီလွှာအဖြစ် သဘာဝ၏စက်ဝန်းအတွင်း ဆင်းသက်သွားတော့သည်။

လွန်ခဲ့သောသုံးနှစ်ခန့်က သက်ဝင်လှုပ်ရှားခဲ့ဖူးသော အသက်ဝိဉာဉ်တစ်ခုမှာ ဖီးနစ်တစ်ထောင်နန်းတော်အား စွန့်ခွာသွားခဲ့ချေပြီ။

သစ်ပင်ကြီးများအောက် ဓားသိုင်းလေ့ကျင့်ခဲ့ဖူးသော လူရွယ်လေးမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ခြံဝင်းငယ်အတွင်း စာဖတ်နေတတ်သော ပုံရိပ်လေးမှာ လွင့်ပျယ်သွားခဲ့ချေပြီ။ အားနည်းဖျော့တော့နေသော်လည်း မနက်ခင်းတိုင်း ဓားသိုင်းလေ့ကျင့်တတ်သော လူရွယ်လေးကိုလည်း ထပ်မံ၍ တွေ့နိုင်တော့မည်မဟုတ်ပါ။

အနှီလူငယ်လေးမှာ တောင်တစ်ခုလုံး၏ စိတ်ဝိဉာဉ်အား သူနှင့်အတူ ဆောင်ယူသွား၏။ မြေပြင်ထက် ဖုံးလွှမ်းနေသော သစ်ရွက်ခြောက်များကဲ့သို့ပင်။ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သော အမျိုးသားအား ‘နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ရပါစေနဲ့’ ဟူသော စကားတစ်ခွန်းသာ ချန်ရစ်၍ ထွက်ခွာသွားခဲ့သည်။

သုံးနှစ်အတွင်း ရန်ကျွင်းချင်သည်လည်း လူငယ်လေးအဖြစ်မှ ချောမောခန့်ညားသော လူရွယ်အဖြစ် ပြောင်းလဲလာခဲ့သည်။ အကြောင်းအရာ တော်တော်များများကိုလည်း နားလည်လာခဲ့သည်။

‘ခြူးမုယွင်’က မော့ကျိုးရှောင်ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့သလောက် မော့ကျိုးရှောင်က မချစ်ခဲ့ကြောင်းကို သိခဲ့ရသည်။ သို့သော် အနည်းဆုံးတော့ ခြူးမုယွင် အသက်ရှင်စဉ်ကာလအတွင်း ထိုမာနအရှင်က ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့သေးသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now