90

3.7K 808 12
                                    

Unicode

‘ကောင်းကင်မိုးသား’ နန်းတော်တွင် သူနှင့်ရှန်ရွှိန်ယန်း နှစ်ဦးတည်းသာရှိသည်။ ထို့ကြောင့် ထိုအမျိုးသားဟာ ရှန်ရွှိန်ယန်းပင် ဖြစ်ချေလိမ့်မည်။

ခြူးမုယွင်လည်း ထွေထွေထူးထူး စဉ်းစားမနေတော့။ ထိုအမျိုးသားထံ အပြေးသွားလိုက်ကာ စကားပြောရန် ပြင်လိုက်၏။ ထိုစဉ်မှာပင် လရောင်အောက် မတ်တပ်ရပ်နေသော ထိုအမျိုးသားက လှည့်ကြည့်လာခဲ့လေသည်။

ယင်းအခိုက်အတန့် ကောင်းကင်ထက်မှ တလက်လက် တောက်ပနေသော ကြယ်ပွင့်လေးများနှင့် ဆီးနှင်းပမာ ဆွတ်ဆွတ်ဖြူသော လမင်းကြီးပင် မှေးမှိန်သွားရသလို။

ထိုအမျိုးသား၏ မှင်ရည်နက်နက် ဆံနွယ်ရှည်များသည် စမ်းချောင်းအသွင် ဖြာကျလျက်၊ ငွေဖြူရောင်ဝတ်ရုံရှည်အောက် ပိန်ပါးသွယ်လျကာ ကြော့ရှင်းသောကိုယ်ဟန်က အမတအရှင်တစ်ပါးနှယ်။ မိန်းမောမှင်သက်စေသော အငွေ့အသက်တစ်မျိုး ထုတ်လွှတ်နေလေသည်။

လူသားတစ်ယောက်က ဒီလိုလူတကာထက် ထူးကဲသာလွန်တဲ့ အသွင်အပြင်မျိုးနဲ့ ဘယ်လိုလုပ် မွေးဖွားလာနိုင်တာလဲ..?

အတွေးမဆုံးခင်မှာပင် တောက်ပနေသော လရောင်ကိုဖြတ်၍ ထိုအမျိုးသား၏မျက်နှာကို မြင်လိုက်ရတော့သည်။

ရှဲ့ချင်းလန်..!

ခြူးမုယွင်မှာ ထိတ်လန့်တုန်လှုပ်သွားရပြီး သူ၏မျက်ဝန်းများထဲတွင် မနှစ်မြို့ဖွယ် အကြောက်တရားတချို့ ဖြတ်ပြေးသွားခဲ့၏။

ရှဲ့ချင်းလန်.. သူ ဘာလို့ဒီရောက်နေတာလဲ..? ဘယ်လိုလုပ် ရောက်လာတာလဲ..? ဒီအကြောင်းကို ရှန်ရွှိန်ယန်း သိနေတာလား..? ‘ကောင်းကင်မိုးသား’ နန်းတော်ထဲ ဘာလို့ဝင်ခွင့်ပြုလိုက်တာလဲ..?!

ခြူးမုယွင်၏ခေါင်းထဲတွင် အတွေးများဖြင့် ပြည့်နှက်လျက်။ အယောင်ယောင်အမှားမှားဖြင့် လျှောက်တွေးမိရင်း စိတ်ရှုပ်ထွေးလာခဲ့ရသည်။ ဘာကိုမှ ယုတ္တိရှိရှိ မစဥ်းစားနိုင်တော့ချေ။

ထိုအချိန်တွင် မော့ကျိုးရှောင်က သူ့ကို ပြုံးပြလာသည်။

အကြည့်ချင်းစုံသွားသော ထိုတခနလေးမှာပင် ရင်းနှီးနေသော ထိုအပြုံးလေးကြောင့် ခြူးမုယွင်မှာ သူ့ခန္ဓာကိုယ်ထဲမှသွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရလေ၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now