103

3.5K 787 63
                                    

Unicode

ဆိုးတူကောင်းဖက် မျှဝေခံစားရသော အနှီ ‘တစ်သားတည်း ပေါင်းစည်းခြင်း’သည် ကျင့်ကြံဆင့်တူသော လူနှစ်ဦးအတွက် စိတ်ကူးယဉ်ဆန်ကာ အလွန်လှပပါ၏။ ထပ်တူညီမျှ တရားမျှတမှုလည်း ရှိပေသည်။ သို့သော် ကျင့်ကြံဆင့်မတူသော လူနှစ်ဦးအတွက်ဆိုလျှင် ကျင့်ကြံဆင့်ပိုမြင့်သူက တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရသည့် သဘောပါပင်။

ခြူးမုယွင်၏ ကျင့်ကြံဆင့်သည် သိပ်မနိမ့်ပါသော်လည်း ရှဲ့ချင်းလန်ကိုတော့ မယှဉ်သာခဲ့ချေ။ ထိုကိစ္စကို ထည့်မပြောလျှင်ပင် နလန်ထူခါစ အခြေအနေကြောင့် သူ၏စွမ်းအင်များလည်း အကုန်ပြန်မရသေး၊ အနည်းဆုံး နှစ်အနည်းငယ်ခန့် အချိန်ယူရလိမ့်မည်။ သို့သော် ယခုတော့ ရှဲ့ချင်းလန်၏ စိတ်ကောင်းစေတနာဖြင့် ယခင်က တွေးပင်မတွေးကြည့်ရဲခဲ့သော နတ်ဘုရားအဆင့်နီးပါးသို့ ရောက်သွားခဲ့ရချေပြီ။

အမှန်တော့ ကျင့်ကြံဆင့်ဟူသည် ဘာမှမပြောပလောက်ပေ။ သူတို့နှစ်ဦးလုံးတွင် အများထက်သာလွန်သော ကိုယ်ရည်ကိုယ်သွေးကိုယ်စီ ရှိနေပြီးသားဖြစ်သည်။ ခြူးမုယွင်သာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့လျှင် သူ့ကိုယ်ပိုင်အင်အားဖြင့် ထိုနတ်ဘုရားအဆင့်သို့ တစ်နေ့ တက်လှမ်းနိုင်ချေလိမ့်မည်။ အချိန်ပေးရန်သာ လိုအပ်ပေသည်။

သို့သော် အသက်စွမ်းအင်…

၎င်းသည် မွေးရာပါစွမ်းအင်ဖြစ်ပြီး မွေးဖွားရှင်သန်ခြင်းနှင့်အတူ ပါလာခဲ့ခြင်းဖြစ်၏။ မျိုးနွယ်စုတစ်ခုနှင့်တစ်ခုလည်း အတော်လေး ကွာခြားသည်။ ပုရွက်ဆိတ်များသည် လူသားမျိုးနွယ်နှင့် မယှဉ်နိုင်သလို၊ လူသားမျိုးနွယ်သည်လည်း ရေခဲဝိဉာဉ်သားရဲနှင့် မယှဉ်နိုင်ပေ။

ထိုနည်းတူ ရေခဲဝိဉာဉ်သားရဲ၏ အသက်စွမ်းအင်သည် မည်မျှပင်ရှည်လျားပြီး ကြီးမားစေကာမူ ရှဲ့ချင်းလန်ကိုတော့ လုံးဝမယှဥ်သာခဲ့ချေ။ ကွာခြားချက်ကား ရေခဲဝိဉာဉ်သားရဲနှင့် လူသားမျိုးနွယ်ကြားမှ ကွာခြားချက်ထက်ပင် အဆမတန် ကြီးမားလွန်းခဲ့ပါ၏။

‘ဟယ်ကျင်သစ်သီး’ကို ရှာတွေ့ခဲ့ပြီးနောက် ရှဲ့ချင်းလန်သည် ခြူးမုယွင်နှင့်အတူ စားသုံးနိုင်ရန် အမျိုးမျိုး ပရိယာယ်ဆင်ခဲ့သည်။ အဆုံးမှာတော့ သူ၏အကြီးမားဆုံးစိတ်ဆန္ဒကို ထုတ်ဖော်လာခဲ့ချေပြီ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now