Part 6

2K 287 11
                                    

အခန်း(၆)

ချင်ရွေ့ ခံစားနေရသော အရှက်ခွဲခံရသည့် မကျေနပ်စိတ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက သူ၏ကောကောကို လေးစားစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

"ကော.. ကောက အရမ်း အင်အားကြီးတာပဲ။ ကျွန်တော့်ကို စိန်အဆင့်ရောက်အောင် ခေါ်သွားပေးလို့ ရမလား။ ကျွန်တော် ဒီရွှေအဆင့်မှာ တစ်နေတာ တစ်လလောက်ကြာပြီ"

"ရတာပေါ့"

ယဲ့ရှောင်းယန်က ချက်ချင်းလိုလို သဘောတူလိုက်သည်။

သူ၏အတွေ့အကြုံနှင့်ဆိုလျှင် အသစ်ကလေးတစ်ယောက်ကို စိန်အဆင့်သို့ ခေါ်သွားရန် မည်သည့်ပြဿနာမျှ မရှိနိုင်ချေ။ ထို့ပြင် အထောက်အပံ့ တစ်ယောက်နှင့်အတူ နှစ်ယောက်အတူ တန်းစီကာ သွားခြင်းက သူ့အတွက်လည်း အကျိုးကျေးဇူး ရှိလေသည်။ သူက ချင်ရွေ့ကို တောအပြင်သို့ အထောက်အနေဖြင့် စေလွှတ်နိုင်သေးပြီး ရန်သူများ၏ လှုပ်ရှားမှုများကို သူ့အား ပြန်လည် တင်ပြခိုင်းနိုင်သေးသည်။ ထို့ကြောင့် သူက အမြန်ဆုံး အနိုင်ရနိုင်မည်ဖြစ်သည်။

တစ်ခုတည်းသော ပြဿနာကမူ သူ၏အကောင့်တွင် လော့ပွင့်နေသော ဟီးရိုးငါးခုသာ ရှိနေသေးခြင်းဖြစ်သည်။ ထိုငါးခုက တိုက်ခိုက်ရေးသမား၊ လုပ်ကြံသတ်ဖြတ်သူ၊ မှော်ဆရာ၊ သေနတ်သမားနှင့် အထောက်အပံ့ဆိုပြီး ဂိမ်းက အလိုအလျောက် ဖွင့်ပေးထားသော ငါးခုသာ ဖြစ်နေသေးသည်။ မှော်အမျိုးအစား ဟီးရိုးများအားလုံးထဲမှ သူ့တွင် အေးခဲနတ်ဘုရားမကသာ ပွင့်နေသေးသည်။ ထိုကဲ့သို့သော ဟီးရိုးမျိုးက နောက်ပိုင်းဂိမ်းတွင် ထိပ်တန်းအဆင့် လက်နက်အပြည့်အဝ တပ်ဆင်ပြီးမှသာ အားကုန် သောင်းကျန်းနိုင်စွမ်းရှိသည့် စွမ်းအင်မျိုးကို ထုတ်ပြနိုင်သော ဟီးရိုးမျိုးဖြစ်လေရာ ယခုကဲ့သို့ တစ်စုံတစ်ယောက်ကို အဆင့်တက်အောင် ခေါ်သွားပေးရန် မသင့်လျော်သေးချေ။ ထို့ပြင် ထိုအော်တိုပွင့်ပြီးသား ဟီးရိုးများကို မည်သို့ကစားရမည် ဖြစ်ကြောင်း အသစ်တိုင်းနီးပါးက သိနေကြလေသည်။ အခြားသော ကစားသမားတစ်ယောက်ကသာ အေးခဲနတ်ဘုရားမကို ရွေးချယ်လိုက်လျှင် ယဲ့ရှောင်းယန်က ဘာမှရွေးစရာ မကျန်တော့သော အခြေအနေသို့ ရောက်သွားနိုင်လေသည်။ ထို့ကြောင့် လူသိနည်းသော ဟီးရိုးမျိုးကို ရွေးချယ်သင့်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now