52

4.4K 599 9
                                    

၅၂။ သူမခါးလေးပေါ်က လက်တွေ

"ပစ္စည်းသိမ်းလို့ မပြီးသေးဘူးလား? နောက်ကျတော့မယ်!"
နောက်တနေ့မနက်တွင် မော့ဟန်က နေဗီပြာရောင်ဝတ်စုံဖြင့် နာရီကိုကြည့်ရင်း အထဲတွင် ပစ္စည်းသိမ်းနေသည့် ရှုချင်းရီကို လောနေရသည်။

"ပြီးတော့မယ်။ အခုထွက်လာခဲ့တော့မှာ!"

ရှုချင်းရီက လက်ထဲတွင်တစ်ခုကိုကိုင်ကာ ဆိုဖာပေါ်က သူမပစ္စည်းများကို သိမ်းရင်း ထိုနေရာတွင်ထားခဲ့သည့် စာအုပ်ကိုရှာနေသည်။
"ကိုကြီး ညီမလေးရဲ့ စာအုပ်တွေ့မိသေးလား?"

ရှုချင်းရီက ဘယ်မှာမှ ရှာမတွေ့တော့သည့်အခါ မေးသည်။
"မနေ့က စားပွဲပေါ်ကို တင်ထားပေးတယ်။ မတွေ့ဘူးလား?"

ရှုချင်းရီက စားပွဲပေါ်က စာအုပ်ကိုယူကာ တံခါးဝဆီ အမြန်လာသည်။ သူမက ဖိနပ်ကို ကပျာကသီလဲကာ လွယ်အိတ်ကိုလွယ်ပြီးနောက် တံခါးပိတ်ကာ မော့ဟန်ဆီပြေးသွားသည်။

"စောစောသာထရင် ဒီလိုပျာယာခတ်နေစရာမလိုဘူး"
မော့ဟန်က ပြောသည်။

"ထချင်ရင်တောင် ထလို့မှမရတာကို"
ရှုချင်းရီက ရေရွတ်သည်။ သူမက မော့ဟန်ဘေးနားရောက်သည့်အခါ သူမသယ်လာသည့် စာအုပ်က ပြုတ်ကျသွားသည်။ ထို့နောက် သူမက သက်ပြင်းချကာ ကုန်းကောက်လိုက်သည်။

ရှုချင်းရီကုန်းကောက်လိုက်သောအခါ မော့ဟန်အကြည့်များက သူမ၏ပေါ်နေသည့်ခါးပေါ်ကို မတော်တဆရောက်သွားသည်။ သူကအစက မျက်နှာလွဲဖို့ပြင်လိုက်ပင်မယ့် ထူးဆန်းတာတစ်ခုကို သူတွေ့လိုက်သည်။

ရှုချင်းရီက သူမစာအုပ်ကောက်ပြီး ခါးပြန်မတ်လိုက်သောအခါ သူမနောက်တွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူမခါးကို အကိုင်ခံလိုက်ရပြီး လက်ချောင်းတွေက သူမအသားအရည်ပေါ်ကို ထိတွေ့နေသည်။ သူမပုခုံးပေါ်ကနေ နောက်ကိုလှည့်ကြည့်လိုက်သောအခါ မော့ဟန်က သူမခါးကို ကြည့်နေပုံရသည်။

"ဘာဖြစ်လို့လဲ?"
ရှုချင်းရီက သူဘာလုပ်နေသလဲဆိုသည်ကို နားမလည်နိုင်ပေ။

"ဒီခါးကဟာကဘာလဲ?"
မော့ဟန်က အေးစက်စွာ မေးလိုက်သည်။

ရှုချင်းရီက သူမအဝတ်ကိုမကာ နောက်ကိုကြည့်လိုက်သော်လည်း ဘာမှမမြင်ရပေ။
"ဘာလဲ? အမာရွတ်လား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now