110

3.3K 428 2
                                    

Unicode Ver

၁၁၀။ လက်ဆောင်

မော့ဟန်က ထိုနေ့တွင် စောစောရုံးတက်ကာ စောစောရုံးဆင်းဖို့ ပြင်နေခဲ့သည်။ သူပစ္စည်းသိမ်းနေသည့် အချိန်တွင်ပဲ ရှုချင်းရီက ဖုန်းခေါ်လာသည်။ ဒါဟာ နှစ်ရက်အတွင်းမှာ ပထမဆုံး သူမဖုန်းခေါ်လာခြင်း ဖြစ်သည်။
"ဟယ်လို? ကိုကြီး အလုပ်ပြီးပြီလား?"

"ဘာဖြစ်လို့လဲ?"
မော့ဟန်က ထူးမခြားနားလေသံဖြင့် မေးသည်။

"အပြင်ခနလောက်ထွက်ခဲ့ပါလား?"
ရှုချင်းရီက ရွှင်မြူးစွာ ပြောသည်။

"ဘာလုပ်မလို့လဲ?"

"ကိုကြီးကို လက်ဆောင်ပေးမလို့"
ရှုချင်းရီက ဖုန်းကိုကိုင်ရင်းက ပြုံးရွှင်စွာ ပြောသည်။

မော့ဟန်က တွေဝေသွားသည်။ ရှုချင်းရီက သူ့အတွက် လက်ဆောင်ဝယ်ပေးလိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ပါ။

"ဒီနေ့က ငါ့မွေးနေ့မှ မဟုတ်တာ"

"သိသားပဲ။ ဒီတိုင်း လက်ဆောင်လေးပါ"

"ဘာလဲ?"
မော့ဟန်က မေးသည်။

"မှန်းကြည့်လေ"
ရှုချင်းရီ၏ ရယ်သံကို ကြားနေရသည့်အခါ တစ်ခုခုက ဟုတ်မနေဘူးဆိုတာကို သူသိသွားသည်။ ဖုန်းကိုခွာပြီး သူ့ရုံးခန်းပတ်လည်ကို သတိထားနားထောင်ကြည့်သည့်အခါ ရယ်သံလေးကို ကြားနေရသေးသည်။

"ဘယ်မှာလဲ?"

"တံခါးဖွင့်လိုက်ရင် သိရမှာပေါ့"

သူမစကားကိုကြားမှ သူနားလည်သွားသည်။ ဖုန်းကိုကိုင်ရင်းဖြင့် သူတံခါးကို ဖွင့်လိုက်သည့် အခါရှုချင်းရီကို အပြင်မှာ တွေ့လိုက်သည်။

သူမက ပုခုံးပျောက်ဂါဝန်အဝါရောင်လေးကိုဝတ်ထားကာ လွယ်အိတ်ကြီး လွယ်လာသောကြောင့် ဖြူစင်ရိုးသားသည့် အထက်တန်းကျောင်းသူလေးလိုပင်။

သူမက သူ့အားမျက်လုံးတစ်ဖက်မှိတ်ပြကာ ဖုန်းကိုချလိုက်ပြီးနောက် ပြောသည်။
"သွားရအောင်"

"ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?"
မော့ဟန်က ခေါင်းရှုပ်နေပြီ။

"အလုပ်ပြီးသွားပြီမလား။ ညီမလေးနဲ့ လက်ဆောင် လိုက်ယူလေ။ နောက်ကျသွားရင် မရတော့ဘူးနော်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now