184

3K 260 1
                                    

Unicode Ver

၁၈၄။ ငါ့ကိုမှတ်မိမှာပါ

ရှုချင်းရီသည် ကျောင်းစာများနှင့် အလုပ်များနေကာ စာကြည့်တိုက်တွင်သာ အချိန်ကုန်တာ များနေသည်။ သူမကို ဆရာမတစ်ယောက်က မေဂျာနှင့် ပတ်သက်၍ တော်သည်ဟု ချီးကျူးကာ သူမတို့စိတ်ပညာဌာနဂျာနယ်အတွက် သူမကိုစာတမ်းရေးကြည့်ခိုင်းထားသည်။ ထိုဆရာမက သူမကိုလည်း အရေးပေးသောကြောင့် သူမကြိုးစားကြည့်နေခြင်း ဖြစ်သည်။

ဤသို့ဖြင့် သူမသည် အိမ်ပြန်နောက်ကျတက်သည်။ စာကြည့်တိုက်တွင် စိတ်ပညာနှင့် ပတ်သက်သည့်စာအုပ်စာတမ်းများကို ဖတ်ရင်း တချို့အချက်အလက်များကို မှတ်စုရေးမှတ်ရန် လိုသောကြောင့် မော့ဟန်က ရုံးမှာပဲ ၁နာရီ ၂နာရီလောက် စောင့်စေကာ သူမကိုလာကြိုဖို့ မှာရသည့်အချိန်များတောင် ရှိတက်သည်။

အစပိုင်းမှာတော့ မော့ဟန်က ဘာမှမပြောပင်မယ့် နောက်ပိုင်း သူမသည် ၁၁နာရီလောက်အထိ ကျောင်းစာကြည့်တိုက်တွင် နေသည့်အခါ မော့ဟန်က သိပ်ကြိုက်ပုံမရတော့ပေ။ ရှုချင်းရီသည် စာအုပ်များကိုဌားလာကာ အိမ်မှာပါ စာတမ်းပြုစုနေတက်သည်။ ရှုချင်းရီသည်လည်း ဒီစာတမ်းကို မြန်မြန်ပြီးရန် ကြိုးစားလုပ်နေသဖြင့် မနက်၁နာရီလောက်အထိ ရေးနေဖြစ်သွားသည်။ ထို့ကြောင့် မော့ဟန်သည် အိမ်ကမီးများကို ဖြတ်ချကာ သူမအား အိပ်စေရသည့်အထိပင်။

ပင်ပန်းခက်ခဲရသည့်နေ့ရက်များ ကုန်ဆုံးသွားပြီးနောက် ရှုချင်းရီ၏ စာတမ်းသည်လည်း ပြီးဆုံးသွားသည်။ သူမသည် စာတမ်းကို ဆရာမဆီသို့ အပ်ပြီးသည့်အခါမှ လွတ်လပ်ရေးရသလို ခံစားရတော့သည်။ ထို့ကြောင့် သူမသည် မော့ဟန်ကို မပြောဘဲ သူ့၏ရုံးသို့သွားသည်။ သူမစာလုပ်နေသည့်ရက်များတွင် မော့ဟန်သည်လည်း ကောင်းကောင်းမအိပ်ရသောကြောင့် သူမစိတ်မကောင်းဖြစ်ခဲ့ရသည်။

ည၈နာရီလောက်တွင် ရှုချင်းရီသည် လမ်းမီးရောင်အောက်မှာ မော့ဟန်၏ရုံးသို့ ပျော်ရွှင်စွာ လမ်းလျှောက်လာသည်။ သို့သော် သူမ၏နောက်မှာလိုက်လာသည် ခြေသံကို သူမကြားလိုက်ရသည်။
ရှုချင်းရီသည် အရင်တစ်ခေါက်တုန်းက ကိစ္စကြောင့် သူမစိတ်ပူလွန်းနေခြင်းလားဟု သံသယဝင်သွားသည်။ ထို့ကြောင့် သူမသည် လမ်းဘေးမှာ ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို မြင်သော် ထိုဆိုင်ကယ်၏မှန်မှ သူမ၏အနောက်ကို မသိမသာကြည့်လိုက်သည်။ ထိုအခါ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည့် သံသယဝင်စရာ လူထွားကြီးကို သူမမြင်လိုက်ရသည်။

ထိုလူသည် ဟိုတစ်နေ့က စားသောက်ဆိုင်မှာ သူမဝင်တိုက်မိသည့်သူသာ ဖြစ်ကြောင်း ရှုချင်းရီက မှတ်မိလိုက်သည်။ သို့သော် ထိုလူသည် သူမအား ပြန်ပေးဆွဲမည့် အရိပ်အယောင်မရှိဘဲ ခပ်ဝေးဝေးကနေ နောက်ယောင်ခံကာ လိုက်နေခြင်းသာ ဖြစ်သည်ဟု ဘာကြောင့်မှန်းမသိ ရှုချင်းရီက ခံစားလိုက်ရသည်။ သူမသိချင်သည်က ဘာဖြစ်လို့ ထိုလူက သူမနောက်ကို လိုက်နေသလဲပင် ဖြစ်တော့သည်။

ထို့ကြောင့် ရှုချင်းရီသည် လူရှင်းသည့်နေရာသို့ ရောက်သော် ချက်ချင်းနောက်ကို လှည့်ကာ လှမ်းအော်မေးလိုက်သည်။
“ဘာဖြစ်လို့ ကျွန်မအနောက်ကို လိုက်နေတာလဲ?”

ထိုလူက မှောင်ရိပ်ကျရာတွင်ရပ်နေသော်လည်း သူ့အကြည့်တို့က သူမဆီတွင်သာ ရှိကြောင်းကို ရှုချင်းရီက ခံစားမိသည်။ ထိုလူက လောနေသည့်အသံဖြင့် တိုးတိုးပြောသည်။
“ငါပြောတာကို သေချာနားထောင်”

ရှုချင်းရီက မီးရောင်အောက်တွင်ရပ်နေကာ အမှောင်ထဲကလူကို သူမကြည့်နေလိုက်သည်။

“ဆရာကြီးတုန်းက မကြာခင်ဖမ်းမိတော့မယ်။ သူကဘယ်သူ့ကိုမှ ကာကွယ်မပေးနိုင်တော့ဘူး။ သူ့ကိုယ်သူတောင် မကယ်နိုင်တော့တာ။ သူဝင်သွားရတာနဲ့ ထွက်လာနိုင်တော့မှာ မဟုတ်ဘူး။ ငါ့မှာလည်း အချိန်သိပ်မကျန်တော့ဘူး ထင်တယ်။ ငါလည်းဝင်ရလိမ့်မယ်”
ထိုလူက အမှောင်ထဲကနေ ထပ်ပြောသည်။
“နောက်နောင် ငါနင့်ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ သတိထားနေပါ”

ရှုချင်းရီ၏လက်တို့သည် တုန်သွားသည်။ ထိုလူပြောသည့်စကားတို့က သူမ၏အတိတ်နှင့် ပတ်သက်နေကြောင်း သိလိုက်သည်။

“အခုနင်ဘာမှ မမှတ်မိတော့ဘူးဆိုတာကို ငါသိတယ်. . .ဒါလည်း ကောင်းတာပါပဲ. . .ပြဿနာတွေနဲ့ ဝေးတာပေါ့”

“ငါရှောင်ယဲ့ရဲ့ နာရေးကိစ္စကိုလုပ်ဖို့ ငါ့လူတွေကို ခိုင်းထားခဲ့တယ်။ သူ့ကို Aမြို့က ကျန်းရှီသုသာန်မှာ မြှုပ်ထားတယ်။ အဲ့ဒီမြို့ကိုရောက်ရင် ဘုရားကျောင်းအစောင့်ကို မေးကြည့်လိုက်။ သူလိုက်ပြလိမ့်မယ်”
ထိုလူက ထပ်ပြောသည်။
“နင်ပြန်မှတ်မိလာရင် ရှောင်ယဲ့ရဲ့ အုတ်ဂူကို သွားတွေ့ချင်မှာပဲ။ ဒါပင်မယ့်လည်း ငါနင့်ကို နောက်ပြောပြနိုင်မယ်လို့ မထင်တော့ဘူး။ အဲ့ဒါကြောင့် ငါအရင်လာပြောပြထားတာ”

“ကျွန်မကို သိတယ်. . .မလား?”
ရှုချင်းရီ၏အသံမှာ တုန်ရီနေသည်။

“ဒါကအရေးမကြီးတော့ပါဘူး”
သူကထပ်ပြောသည်။
“အရင်ကတည်းက နင်ဒီလိုဖြစ်ချင်ခဲ့တာပဲ”
ထိုလူ၏အသံမှာ ခါးသီးနေသည်။ ဘာကြောင့်မှန်းမသိ ရှုချင်းရီသည် ဒီလူက ကျောက်ရုပ်ကြီးလို ပြုံးနေလိမ့်မည်ဟု သိလိုက်သည်။
“ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ. . .သိသေးလား?”

ရှုချင်းရီက ခေါင်းခါပြလိုက်သည်။

“နည်းနည်းလောက် ပြန်လေ့လာထားလိုက်ဦး။ နောက်နောင် ပြန်သုံးရနိုင်တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်နေသေးသ၍ နင်အဆင်ပြေမှာပါ”

“ကျေးဇူးတင်ပါတယ်”
ရှုချင်းရီသည် ဒီလူအား သူမဒီလိုပြောရလိမ့်မည်ဟု ခံစားမိသည်။

ထိုလူက ရယ်နေသည်ကို သူမကြားလိုက်ရသည်။
“ငါ့ကိုကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါဘယ်သူလဲဆိုတာကို နင်ပြန်မှတ်မိရင် ဒီစကားကို ပြောနိုင်လိမ့်မယ်လို့ ငါမထင်ဘူး”

“ဒါငါတို့နောက်ဆုံးတွေ့တာ ဖြစ်လိမ့်မယ်။ နင်ဖြစ်စေချင်သလို ငါနင့်ဘဝကို မနှောင့်ယှက်တော့ပါဘူး။ ငါတို့ . . . ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့”

အမှောင်ထဲမှ ထိုလူသည် လှည့်သွားကာ သူမနှင့်ဝေးရာသို့ လျှောက်သွားသည်။ သူမအား ကျောပေးထားရင်းဖြင့်
“ဟိုရှေ့နေကြီး. . .သူကနင့်ကို အရမ်းဂရုစိုက်ပုံရတယ်. . .နင်ကောင်းကောင်းနေရရင် ရပါပြီ”

ရှုချင်းရီက လှမ်းမေးလိုက်သည်။
“ရှင်ဘယ်သူလဲ?”
သူကထွက်မသွားခင် ပြောသွားသည်။
“ငါ့ကိုနင်မှတ်မိလာမှာပါ”

ထိုလူထွက်သွားသည့်တိုင်အောင် ရှုချင်းရီသည် ထိုနေရာမှာ ရပ်နေရင်း ထိုလူသွားသည့်ဘက်ကို အချိန်အကြာကြီး ငေးကြည့်နေမိသည်။ သူမသည် ထိုလူ၏ကျောပြင်ကို ကြည့်ရင်း သူမ၏အတိတ်နှင့် ဝေးကွာသွားသလို ခံစားလိုက်ရသည်။ ဟန်လျန်တို့အိမ်မှာ ရှိတုန်းက သူမသည် အတိတ်ကို အသည်းအသန် သိချင်ခဲ့သည်။ အခုသူမပြန်မှတ်မိနိုင်သည့် ထိုလူက သူမ၏မျက်စိရှေ့မှောက်တွင် ရှိနေသည့်တိုင်အောင် သူမသည် လိုက်ဆွဲမထားမိပေ။ သူမအတိတ်မေ့နေရသည့် အကြောင်းအရင်းမှာ သူမကိုယ်တိုင် ပြန်မမှတ်မိစေချင်၍ ဖြစ်နေသည်ကိုလည်း သိလိုက်ရသည်။
အရင်တုန်းက အတိတ်ကိုမှတ်မိမှ နောင်အဆင်ပြေမယ်လို့ ငါထင်ခဲ့တယ်မလား?
အတိတ်က အမှန်တရားတွေက ငါ့အတွက် တကယ်အရေးပါလို့လား?
ထိုအခိုက်အတန့်တွင်ပဲ ရှုချင်းရီသည် တွေဝေနေမိတော့သည်။

ဤသို့ဖြင့် ရှုချင်းရီသည် ရုံးကိုမသွားတော့ဘဲ အိမ်ကိုသာ ပြန်လာတော့သည်။ အိမ်ပြန်ရောက်သည့်အခါ မော့ဟန်က အဝတ်အစားလဲပြီးကာ ဆိုဖာပေါ်တွင်ထိုင်ရင်း သူမကိုစောင့်နေသည်။
“ဆရာမကို စာတမ်းတင်ပြီးသွားပြီလား?”

“အင်း”
ရှုချင်းရီသည် ပင်ပန်းစွာဖြင့် ဖိနပ်ချွတ်ရင်း ဖြေလိုက်သည်။

မော့ဟန်ကတော့ စာတမ်းကြောင့် သူမပင်ပန်းသည်ဟုထင်ကာ သူ့ဘေးရှိနေရာကို ထိုင်ရန်ပုတ်ပြလိုက်ရင်း ရယ်ရယ်မောမောဖြင့်
“ပင်ပန်းနေပြီလား? ဒီလိုဖြစ်မယ်မှန်းသိရင် စောစောအိပ်ခိုင်းလိုက်ရမှာ”
ရှုချင်းရီက မော့ဟန်ဘေးနားကို ဝင်ထိုင်လိုက်သည်။ မော့ဟန်၏နွေးထွေးသည့် လက်များကို သူမခံစားမိသည့်အခါ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး ငိုချင်လာသည်။

“ဒီနေ့ရုံးမှာ အလုပ်များသွားလို့ လာမကြိုဖြစ်ဘူး။ ညစားဘာစားခဲ့လဲ?”
မော့ဟန်က မေးသည်။

တကယ်တော့ ရှုချင်းရီသည် ဘာမှမစားရသေးပေ။ မော့ဟန်ရုံးသို့သွားကာ ညစာအတူစားမည်ဟု သူမတွေးခဲ့သော်လည်း ဟိုလူနှင့်တွေ့၍ စကားပြောလာသည့်အခါ စားချင်စိတ်ပျောက်သွားပြီး စိတ်ညစ်စွာဖြင့် အိမ်သို့ပြန်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မော့ဟန်ကို စိတ်မပူစေချင်သဖြင့်
“ပေါက်စီစားခဲ့တယ်”

“စားကောင်းလား?”

“အင်း”
ရှုချင်းရီသည် ခေါင်းအုံးကိုယူကာ မျက်နှာအပ်လိုက်သည်။ သူမအခု အရမ်းငိုချင်နေသည် ဖြစ်သည်။

ထို့နောက် သူမ၏အမှုအယာမကောင်းခြင်းကို မော့ဟန်ရိပ်မိသွားမှာ စိုးရိမ်သဖြင့် မော့ဟန်၏ခါးကိုဖက်ကာ သူ့ရင်ခွင်ထဲတွင် မျက်နှာအပ်လိုက်ပြန်သည်။

မော့ဟန်ကတော့ သူမ၏ရုတ်တရပ် အပြုအမူကြောင့် အံ့သြသွားကာ သူမ၏ဆံပင်ကို သပ်ပေးနေရင်းက
“ဘာဖြစ်လို့လဲ?”

“ဘာမှမဟုတ်ပါဘူး။ ပင်ပန်းလွန်းလို့ အခုဒီမှာ အိပ်ပျော်တော့မလိုပဲ”

“ဒါတော့မရဘူး။ ဒီလိုငါ့ကိုဖက်ထားပြီးအိပ်လို့ ငါမထိန်းနိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ?”

ရှုချင်းရီက မော့ဟန်၏ခါးကို လိမ်ဆွဲလိုက်သည်။

မော့ဟန်က သူမ၏ဆံပင်များကို မွှေးနေရင်းက အသက်အက်ရှကာ မေးသည်။
“ရှုချင်းရီ ငါအခုမင်းကို နမ်းချင်နေတာကို ဘယ်လိုလုပ်ရမလဲ?”

ရှုချင်းရီက သူ့ရင်ခွင်ထဲတွင် ခေါင်းခါလိုက်ကာ
“မနမ်းနဲ့။ ဒီတိုင်းလေးပဲ အိပ်ချင်လို့”

မော့ဟန်က သူမ၏ဆံပင်တို့ကို ပြန်ပွတ်ပေးရင်း
“ဟုတ်ပါပြီ။ ကောင်းကောင်းအိပ်။ အိပ်ပျော်သွားရင် အိပ်ရာထဲကို ချထားပေးမယ်”

ရှုချင်းရီက မော့ဟန်ကို ဖက်ထားရင်း စိတ်သက်သာသွားသည်။ သူမသည် ပင်ပန်းလွန်းနေသောကြောင့် ဘာကိုမှစဉ်းစားမနေချင်တော့ပေ။ ထို့ကြောင့် မော့ဟန်၏ရင်ခုန်သံကိုသာ နားထောင်ရင်း အိပ်ချင်တော့သည်။ မော့ဟန်၏အနားတွင် ရှိနေတိုင်း သူမသည် လုံခြုံမှုကို ခံစားရသည်။ သူ၏တည်ရှိမှုက သူမအတွက် အရမ်းထူးခြားလွန်းသည်။



နောက်နေ့မနက်တွင် ရှုချင်းရီနိုးလာသည့်အခါ မော့ဟန်ဖက်ထားဆဲဖြစ်ကြောင်းကို သိလိုက်ရသည်။ သူမ၏ဘေးတွင် သူကဖက်ထားရင်း အိပ်ပျော်နေကာ ဆံပင်တို့က ပွနေသည်။ ရှုချင်းရီက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မော့ဟန်၏ အခန်းဖြစ်နေသည်။ နေလည်းထွက်နေပြီ ဖြစ်သောကြောင့် နာရီကြည့်ရန် သူမသည် ရွေ့လိုက်သည်။

ထိုအခါ မော့ဟန်မှာလည်း နိုးလာကာ သူမကို အိပ်ချင်မူးတူးဖြင့် ကြည့်သည်။ ထို့နောက် သူမအား ပြုံးပြပြီး ခပ်တင်းတင်း ဖက်ထားလိုက်သည်။

၁၈၅။ မနက်ခင်းအနမ်း

“နာရီကြည့်မလို့”

“ကြည့်မနေနဲ့။ ၇နာရီခွဲကို နှိုးစက်ပေးထားတယ်။ ပြန်အိပ်လိုက်ဦး”
မော့ဟန်က သူမ၏လည်ပင်းကို ခေါင်းဖြင့် တိုးဝှေ့ရင်း ပြောသည်။

“မနေ့ညက ညီမလေး ဘယ်အချိန်အိပ်ပျော်သွားတာလဲ?”

“ငါ့ရင်ဘတ်ကိုမှီပြီး ချက်ချင်းအိပ်ပျော်သွားတာ”

“ဘာဖြစ်လို့ ကိုကြီးအခန်းထဲမှာ သိပ်တာလဲ?”

မော့ဟန်သည် မျက်လုံးမဖွင့်သေးဘဲ
“အတူအိပ်ချင်လို့”

နှိုးစက်က မြည်လာသည့်အခါ ရှုချင်းရီက မော့ဟန်ကို ခပ်ဖွဖွတွန်းလိုက်ကာ
“ထချိန်ရောက်ပြီ”

မော့ဟန်က မျက်မှောင်ကျုံကာ နှိုးစက်ကို ပိတ်လိုက်ပြီး ရှုချင်းရီ၏လည်ပင်းကို မျက်နှာပြန်အပ်လိုက်သည်။ ရှုချင်းရီက မော့ဟန်၏ခေါင်းကို လက်ညိုးဖြင့် ခပ်ဖွဖွထိုးလိုက်ကာ
“မနက်တိုင်းနိုးလာရင် ကိုကြီးက ဒီလိုပဲလား?”

“မဟုတ်ပါဘူး။ ဒီတိုင်း. . .ရုတ်တရပ်ကြီး ငါ့ဘေးမှာ မင်းအိပ်နေတာက သက်သောင့်သက်သာ ရှိလွန်းလို့”

“ကိုကြီးဘေးမှာ ညီမလေးရှိတာက ဘာဖြစ်လို့လဲ? အိပ်ရတာက အမြဲတမ်း သက်သောင့်သက်တာ ရှိတယ်မဟုတ်လား?”
ရှုချင်းရီက မော့ဟန်၏ ခေါင်းကြီးကို ဖယ်လိုက်ရင်း
“အခုထတော့။ ကိုကြီး အလုပ်သွားရမှာ။ ညီမလေးလည်း ကျောင်းသွားရဦးမယ်”

မော့ဟန်က သူ့ကိုတွန်းနေသည့် ရှုချင်းရီ၏ လက်များကိုဖယ်ကာ ဖျစ်ညှစ်ကာ ဖက်လိုက်ပြီး
“မနက်ခင်းအနမ်းလေး ပေးပါဦး”

“ခနလေး. . .သွားတောင် မတိုက်ရသေးဘူး”

သို့သော်လည်း မော့ဟန်က သူမကို သူ့အောက်သို့ ဆွဲလှည့်လိုက်ကာ နမ်းတော့သည်။ မော့ဟန်၏အကြိုက်ဆုံးအရာမှာ ရှုချင်းရီ၏ ဝါဂွမ်းလို နှုတ်ခမ်းများ ဖြစ်သည်။ သူမသည် မျက်လုံးတွေ ပိတ်ကျသည့်အထိ ရယ်နေသည့်အချိန်မျိုးဆိုလျှင် မော့ဟန်မှာ သူမနှုတ်ခမ်းများကို ကိုက်ချင်လာတက်သည်။ သူမ၏လက်များက သူ့လက်ကို ယှက်တွယ်လာသည်ကို မော့ဟန်က ခံစားမိသည်။ သူမကို နက်ရှိုင်းစွာ အချိန်အကြာကြီးနမ်းနေပြီးနောက် သူမ၏မျက်နှာလေး ရဲတက်လာမှသာ မော့ဟန်က ရပ်လိုက်သည်။

မော့ဟန်သည် ရှုချင်းရီ၏ စိုစွတ်ကာ ရွှန်းလဲ့နေသည့် ဆွဲဆောင်မှုအပြည့်နှင့် မျက်ဝန်းတစ်စုံကို ကြည့်မိသည့်အခါ သူမ၏နားရွက်ကို နမ်းသည်။ ထို့နောက် လည်ပင်းကို နမ်းရင်းဖြင့် အမှတ်ပေးလိုက်သည်။ ရှုချင်းရီက နာကျင်သွားသော်လည်း မော့ဟန်၏အနမ်းများကြောင့် အားပြတ်ကာ မအော်နိုင်တော့ပေ။

မော့ဟန်သည် သူမ၏နှုတ်ခမ်းကို ပြန်နမ်းပြန်သည်။ ဤသို့ဖြင့် မနက်ခင်းအနမ်းကြောင့် တစ်စုံတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် မော့ဟန်သည် သူမအား မနမ်းတော့ဘဲ သူမအပေါ်ကနေ သူမအား မိုးကြည့်နေရင်းမှ
“ဆက်မနမ်းနိုင်တော့ဘူး။ တကယ်လို့ ထပ်နမ်းလိုက်ရင် တစ်ခုခုဖြစ်လိမ့်မယ်”

ထိုအခါမှ သူမကိုဖိထားသည့် မော့ဟန်၏ခြေထောက်ကြားမှအရာကို သတိထားမိသွားသည်။ သူမ၏မျက်နှာသည် ရဲသထက်ရဲလာကာ ဘာစကားမှ မပြောနိုင်တော့ပေ။ မော့ဟန်က အိပ်ရာပေါ်မှ အရင်ထသွားကာ
“ငါအရင် ရေချိုးခန်းဝင်လိုက်မယ်။ မင်းလည်း ထသင့်ပြီ”

ရှုချင်းရီက စောင်ကိုခေါင်းမြီးခြုံလိုက်ကာ သူမ၏မျက်နှာကို ဖွက်ထားလိုက်သည်။ သူမအရှက်ပြေသွားမှသာ အိပ်ရာပေါ်က ထလာသည်။

ထိုနေ့တွင် ရှုချင်းရီသည် ကားမှတ်တိုင် မှားဆင်းမိသည်။ သူမဆင်းလိုက်ကာမှ သူမမရောက်ဖူးသည့် နေရာမှန်း သိလိုက်ရသည်။ ထို့ကြောင့် တစ်ဖက်လမ်းသို့ကူးကာ ကျောင်းသို့သွားရန် ကားပြန်စောင့်နေသည်။

ထိုအချိန်မှာပဲ လူတစ်ယောက်က သူမ၏လက်ကို ဆွဲသွားသည်။ ရှုချင်းရီက ကြည့်လိုက်သည့်အခါ သက်လတ်ပိုင်း ခပ်ပိန်ပိန်လူကြီးတစ်ယောက် ဖြစ်သည်။ ထိုလူက သူမကိုကြည့်ကာ စိုးရိမ်နေပုံရသည်။

“ဒီမှာဘာလာလုပ်နေတာလဲ?”
ထိုလူက အသံတိုးတိုးဖြင့် မေးသည်။

ရှုချင်းရီက ဒီလူကို သူမမသိကြောင်း ပြောပြချင်သော်လည်း ထိုလူကြီးက ပတ်ဝန်းကျင်ကို ကြည့်ကာ တစ်စုံတစ်ရာက သူတို့ကိုတွေ့သွားမည်ကို ကြောက်သည့်အလား သူမအား ကားမှတ်တိုင်အနောက်သို့ ခေါ်သွားသည်။

ရှုချင်းရီက ထိုလူကြီးအား မတားပေ။ ဒီလူကြီးသည် မနေ့ညက သူမကိုလာတွေ့သည့်သူနှင့် ဆက်စပ်သည့်သူ ဖြစ်ပုံရသောကြောင့်ပင်။  အခုအချိန်က လင်းနေသလို ပတ်ဝန်းကျင်တွင်လည်း လူအများကြီးရှိသဖြင့် သူမမကြောက်ပါ။ သူကလည်း သူမကို တစ်ခုခုလုပ်မည့်ပုံလည်း မရှိပေ။

ထိုလူက သူမကို လူကြဲသည့်နေရာကို ခေါ်သွားပြီးမှ သူမ၏အရှေ့တွင်ရပ်ကာ မေးသည်။
“တတိယသခင်လေးက မနေ့ညက မင်းကိုလာရှာသွားတယ်မလား?”

တတိယသခင်လေးဆိုသည်မှာ မနေ့ညက သူမနှင့် စကားပြောလိုက်သည့်သူ ဖြစ်မည်ဟု ရှုချင်းရီက ထင်လိုက်သည်။

“တကယ်တော့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ မင်းသူ့ကို မတွေ့ချင်တာကို ငါသိပါတယ်။ ဒါပင်မယ့် သူကမင်းကို ဂရုစိုက်လို့  ဒီလိုအရေးကြီးတဲ့အခြေအနေမှာတောင် လာရှာတာပဲ”
ထိုလူကြီးက မနေ့ညကလူ၏ လုပ်ရပ်ကို ရှင်းပြနေသည်။

“အခုတလော ဆရာကြီးတုန်းနဲ့ သူဌေးတို့က တစ်ခုခုဖြစ်နေတယ်။ သူဌေးမရှိရင် လင်းကောရဲ့အောက်က အရူးကောင်တွေက မင်းကိုဒုက္ခလာပေးလိမ့်မယ်။ ညဘက်ဆိုရင် အိမ်ကိုစောစောပြန်။ မင်းနေတဲ့နေရာကို ၉နာရီမထိုးခင် အရောက်ပြန်။ သတိအပြည့်နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ် ဟုတ်ပြီလား? နောက်ဆုံး ဘယ်လိုမှ မတက်နိုင်တော့ရင် ရဲစခန်းကိုသွား”
ထိုလူကြီးက ရှုချင်းရီငြိမ်နေသည်ကို သတိထားမိသည့်အခါ လေသံက အရင်လိုမဟုတ်တော့ဘဲ ပျော့ပြောင်းသွားကာ
“ဘာဖြစ်လို့လဲ?”

ရှုချင်းရီသည် ဒီလူက သူမကိုအရင်က သိခဲ့သူဖြစ်ကြောင်းကို သိလိုက်သည်။ ထို့ကြောင့် သူမအမှန်ကိုသာ ပြောလိုက်တော့သည်။
“ကျွန်မ. . .ရှင့်ကို မမှတ်မိဘူး”

ထိုလူက အံ့သြသွားပုံရကာ သေချာတွေးကာ
“အတိတ်မေ့သွားတာလား. . .ဆန်းတော့ မဆန်းပါဘူး”
ထိုလူက ထပ်ပြောသည်။
“လူတိုင်းကို မေ့သွားပြီလား? တတိယသခင်လေးကိုရော?”

ရှုချင်းရီက ခေါင်းငြိမ့်ပြလိုက်သည်။

ထိုလူက အတိတ်အကြောင်းကို တွေးနေပုံရပြီး သူမမမှတ်မိသည့်အခါ ဝမ်းနည်းသွားပုံရသည်။ ထို့နောက် သူ့ဟာသူရေရွတ်သည်။
“ပြန်တွေးမိရင်. . .တကယ်တော့. . .ငါတို့တွေက မင်းအပေါ် အကြွေးရှိပါတယ်လေ. . .ရှောင်ယဲ့ကိုရော. . .တောင်းပန်သင့်တဲ့သူတွေပါ. . .”

“တကယ်တော့လည်း မင်းအခုလို ဘာမှမမှတ်မိတာ ငါစိတ်သက်သာရာ ရပါတယ်။ ဒါက ပြီးပြည့်စုံတဲ့ အဆုံးသတ်ထက်ကို ပိုပါတယ်။ ဒါပင်မယ့်လည်း ရင်ပိုလေးသွားတယ်။ ငါတို့တွေ တသက်လုံးမေ့မရနိုင်တာတွေ ရှိနေတာကိုး”

ရှုချင်းရီက ထိုလူကြီးခေါင်းငုံကျသွားသည်ကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ ဝမ်းနည်းလာကာ သူမ၏မျက်လုံးထောင့်တို့က စိုစွတ်လာသည်။

“နောက်လတွေဆိုရင် ရှောင်ယဲ့ရဲ့ နှစ်ပတ်လည်ကိုတောင် ရောက်တော့မယ်။ ငါတို့ကတော့ သွားနိုင်မယ် မထင်တော့ဘူး။ မင်းရှောင်ယဲ့ဆီကို သွားရင် ငါတို့ကတောင်းပန်တယ်လို့ ပြောပေးပါ”
ထိုလူကြီးက စကားစကိုဖြတ်ကာ ရှုချင်းရီကို ပြုံးကြည့်ရင်း
“ဒါဆိုရင်. . .ငါသွားတော့မယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်”

မနေ့ကဟိုလူထွက်သွားသည်ကို ကြည့်နေမိသည့်အတိုင်း ရှုချင်းရီသည် ဒီလူကြီး၏ကျောပြင်ကို ကြည့်နေမိသည်။ သူမသည် ထိုလူကြီးမှာ သူမနှင့်ဝေးရာ အမှောင်ထဲသို့ သွားသည်ကို ငေးကြည့်နေမိသည်။ သို့သော် သူမသည် လိုက်တော့ဆွဲမထားပေ။

သူမသည် ရှောင်ယဲ့၏အုတ်ဂူသို့ သွားကြည့်ရန် လိုအပ်သည်ဟု ခံစားရသည်။ သူမမှတ်ညဏ်ပြန်ရတာမရတာ အရေးမကြီးတော့ဘဲ သူမသွားကိုသွားရမည်ဟု တွေးနေမိသည်။ ဒါကလည်း အရင်တုန်းက သူမ၏ဆန္ဒဖြစ်နိုင်သည်။

ထို့ကြောင့် သူမသည် ကျောင်းသို့သွားမတက်တော့ဘဲ ထိုမြို့သို့သွားလိုက်သည်။ သူမသည် ထိုမြို့သို့ လက်မှတ်ဖြတ်ပြီးသည့်အခါ မော့ဟန်အား သူမဖုန်းဆက်လိုက်ကာ သူမဒီနေ့အိမ်ပြန်နောက်ကျမည် ဖြစ်သောကြောင့် သူမကို လာမကြိုရန် ပြောလိုက်သည်။ မော့ဟန်က သူမအား အကျိုးအကြောင်းမေးမနေဘဲ အိမ်အပြန်ကို ဂရုစိုက်ဟုသာ ပြောသည်။

ဤသို့ဖြင့် သူမသည် ထိုမြို့ကို နေ့လည်၁နာရီခွဲကျော်သို့ ရောက်သွားသည်။ သူမသည် ရှောင်ယဲ့၏အုတ်ဂူရှိရာ ကျန်းရှီသုဿာန်သို့ သွားချင်သဖြင့် ရောက်သည့်အခါ တက်စီဌားလိုက်သည်။ ဒီမြို့ကို သူမအရမ်းရင်းနှီးနေသည့် ခံစားချက်ကို ရနေသဖြင့် သူမ၏ရင်သည် တဒုန်းဒုန်းခုန်နေသည်။ သူမဒီကိုရောက်ဖူးသည်မှာ သေချာကြောင်းကို ရှုချင်းရီက သိလိုက်သည်။
“ကျန်းရှီသုဿာန်”ဟုသည် ဆိုင်းပုဒ်သည် ရိုးရှင်းလွန်းသည်။ ဒီနေရာသည် ရှေးကတည်းက တည်ရှိခဲ့ပုံရသောကြောင့် ဆိုင်းပုဒ်၏စာလုံးများတောင် အရောင်လွင့်နေသည်။ ထိုသုဿာန်၏အရှေ့တွင် ဆိုင်သေးသေးလေးတွေ ရှိနေသည်။ နေ့လည်ပိုင်းဖြစ်သောကြောင့် လမ်းတစ်လျှောက်လုံးတွင် လူရှင်းနေသည်။

ထိုလမ်းပေါ်တွင် လျှောက်နေရင်းမှ သူမသည် ထိုသုဿန်နှင့် သိပ်မဝေးသည့်နေရာမှ ဘားတစ်ခုကို မြင်လိုက်သည်။ သူမ၏ခြေလှမ်းများကို မထိန်းနိုင်တော့ဘဲ ထိုဘားဆီသို့ သူမလျှောက်သွားမိသည်။

“တောင်းပန်ပါတယ် ဧည့်သည်။ ဒီဆိုင်က မကြာခင်ပိတ်တော့မှာ။ အခုဆိုင်ရှင်းနေပြီမလို့ တခြားဆိုင်ကိုပဲ သွားလိုက်ပါလား”
ထိုလူက ပစ္စည်းတွေကို ဆိုင်ထဲသို့ထည့်ရင်း ပြောလာသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now