အပိုင်း ( ၂ ) ( Unicode )

5.4K 542 6
                                    

ဟိုတစ်နေ့က ဆွေးနွေးပွဲပြီးဆုံးချိန်မှစ၍ တစ်ပတ်ကျော်သည့်တိုင် လေးဆက်မှာ ဝတ္ထုသစ်ရေးဖို့အတွက် ခြေလှမ်းမစနိုင်သေးဘဲ ပိုအရေးကြီးသည့်စာတမ်းအတွက်ကိုသာ အရင်ဆုံး ဦးစားပေးနေရသည်။ စာတမ်း ချောချောမွေ့မွေ့အဆင်ပြေမှ စာမေးပွဲအောင်ပြီး ဘွဲ့ရမည်ကိုး။

ဥဥနဲ့မေမြတ်ကတော့ လေးဆက်ဆီ တစ်ရက်ခြားတစ်ခါလောက် ဖုန်းဆက်ပြီး ဝတ္ထုအတွက် အကျိုးအကြောင်းမေးမြန်းတတ်ပေမဲ့ ထိုကိစ္စနှင့်ပတ်သတ်ပြီး ဘာဆို ဘာမှမစဉ်းစားရသေးသည့်လေးဆက်မှာတော့ သူတို့ကို ပြန်တုံ့ပြန်စရာအဖြေရှိမနေခဲ့ပေ။

ဒီနေ့ လေးဆက် အိပ်ရာနိုးတော့ မနက်ကိုးနာရီထိုးနေပြီဖြစ်သည်။ ကျောင်းပိတ်ရက်ဖြစ်သဖြင့် လူက ဝဝလင်လင်အိပ်လိုက်ရပြီး လန်းဆန်းတက်ကြွနေသည်။ ရေချိုး၊ မနက်စာစားပြီးသည်နှင့် အိမ်ရှေ့ကဆိုဖာပေါ်မှာ ထိုင်ကာ ဖုန်းသုံးနေတုန်း

တင်း ... တောင် !

ဘဲလ်သံမြည်လာသည်ကို ကြားလိုက်ရသည့်အတွက် တံခါးကို သွားဖွင့်ပေးလိုက်တော့ ထင်ထားသည့်အတိုင်း ဟိုသုံးယောက်ဖြစ်နေသည်။ ဒီနေ့ သူတို့တွေ လေးဆက်ရဲ့တိုက်ခန်းဆီကို လာခဲ့မယ်လို့ မနေ့ကတည်းက ဖုန်းကြိုဆက်သည်လေ။ အမှန်တော့ သူတို့လာရသည့်အကြောင်းအရင်းက ဘာကြောင့်မှန်းဆိုတာ လေးဆက်လည်း ရိပ်မိနေသည်။

တစ်ယောက်ပြီး တစ်ယောက် အခန်းထဲဝင်လာတာကို လေးဆက် ကြည့်နေရင်း နောင်ခန့်ကို မတွေ့ရသဖြင့်

“ ငါ့အချစ်လေးရော မင်းတို့နဲ့အတူတူမပါလာဘူးလား ”

“ မင်းအချစ်လေးက ဒီနေ့ သူ့မာမီ အပြင်သွားမှာကို အဖော်လုပ်ပေးရမှာမို့လို့ဆိုလားပဲ ... ခုနလေးတင် ဖုန်းဆက်ပြောသွားတယ် ”

“ အာ ... ဟုတ်လား ”

နောင်ခန့်က အမေချစ်သားလေးဖြစ်သည်။ ခင်ပွန်းဖြစ်သူက ကင်ဆာရောဂါဖြင့် ဆုံးပါးသွားသဖြင့် မုဆိုးမဖြစ်သည့်‌နောင်ခန့်မာမီက တစ်ဦးတည်းသော သားလေးကိုမူ ပထွေးနှင့်အတူမထားနိုင်ပါဆိုသည့်အကြောင်းပြချက်ဖြင့် နောက်အိမ်ထောင်ထပ်မပြုဘဲ နောင်ခန့်ကိုသာ ဆယ်နှစ်လုံးလုံးတစ်ယောက်တည်းပြုစုစောင့်ရှောက်ခဲ့သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now