အပိုင်း ( ၁၉ ) ( Unicode )
2.6K 388 16
" တီနှင်း‌ရေ ... ကျွန်တော် သွားပြီနော် ... ဘာမှာဦးမလဲ ... ဘာဝယ်ပေးခဲ့ရမလဲ "
ဖိနပ်စီးနေရင်း မီးဖိုချောင်ထဲ ရောက်နေသည့် တီနှင်း ကြားအောင် လေးဆက် အော်မေးလိုက်သည်။ အဲဒီနောက်မှာတော့ မီးဖိုချောင်ထဲကနေ တီနှင်းရဲ့အော်သံတစာစာက ပြန်လည်ထွက်ပေါ်လာခဲ့သည်။
" မမှာတော့ဘူး သြင္ကေလးရေ ... အိမ်ကိုသာ စောစောပြန်လာခဲ့ ... ဒီနေ့ ရှင်လေး ကြိုက်တဲ့ဟင်းတွေ ကျုပ် ချက်ထားတယ် "
" ဟုတ်ကဲ့ ... တီနှင်း "
တီနှင်းရဲ့အပြောကြောင့် သံပန်းတံခါးကို သော့ဖွင့်နေရင်း လေးဆက်ပြုံးလိုက်မိသည်။ တီနှင်းတို့ အိမ်ရောက်လာကတည်းက လေးဆက်အတွက် ဘာတစ်ခုမှ လိုလေသေးမရှိအောင် တီနှင်းက တစ်မျိုးပြီးတစ်မျိုးချက်ပြုတ်ကျွေး‌မွေးတတ်သည်။ သူ့တူတော်မောင် အစားနည်းသည်ကို သိနေသဖြင့် သူတို့ မပြန်ခင်လေးမှာ စားချိန်သောက်ချိန်ပုံမှန်ဖြစ်သွားစေချင်သည်ထင်ပါရဲ့။
လေးဆက် ငါးလွှာကနေ ဆင်းလာပြီး တိုက်အောက်ရောက်တော့ မြင်လိုက်ရသည်က သူတို့တိုက်၏မျက်နှာချင်းဆိုင် နှစ်ထပ်တိုက်‌‌ရှေ့နေရာလွတ်တွင်ရပ်ထားသည့် ကားနက်ပြာလေးတစ်စီး။ မြင်ရပါများလွန်းသဖြင့် အရမ်းကို ရင်းနှီးနေသည့် ကားနက်ပြာလေးဖြစ်သည်။
ထိုကားနက်ပြာကို ကြည့်နေရင်း လေးဆက် နည်းနည်းတော့ ထူးဆန်းသလိုခံစားရသည်။ ပုံမှန်ဆို ဒီကားနက်ပြာလေး ရပ်ထားသည့်‌‌နေရာနောက်က နှစ်ထပ်တိုက်ပိုင်ရှင်က အရမ်းကိုဇီဇာကြောင်ကာ မောက်မာလွန်းသည်လေ။
အများပိုင်မြေကွက်လပ်မှာ သူတို့ရဲ့တစ်စီးတည်းသောကားမှလွဲ၍ မည်သည့်ကားကိုမှ ရပ်ခွင့်မပေးပေ။ အမှန်ဆို သူတို့တိုက်ရှေ့မှာ ကားနှစ်စီးမျှ လွတ်လွတ်ကင်းကင်းရပ်၍ရသော်ငြား တခြားကားလာရပ်သည်နှင့် သူတို့က အတင်းမောင်းထုတ်တတ်ကြသည်။
တစ်ခါတလေဆို ကားရပ်သည့်ကိစ္စနှင့်ပတ်သတ်ပြီး ရန်ပွဲအကြီးအကျယ်တောင် ဖြစ်တတ်ကြသေးသည်။ လေးဆက်မှာတော့ ကားမရှိသဖြင့် ဒီလိုရန်ပွဲမျိုးက သူနှင့်မပတ်သတ်ချေ။ သို့သော်ငြား မျက်နှာချင်းဆိုင်နေနေရသည်မို့ ဖြစ်ပျက်ခဲ့သည့်ရန်ပွဲအကျိုးအကြောင်းကိုတော့ သိနေလျက်ရှိသည်။