အပိုင်း ( ၄၇ ) ( Unicode )

2.4K 342 40
                                    

အခုဆို ကိုကိုနှင့်သူ တရားဝင်ချစ်သူတွေဖြစ်တာ တစ်လတိတိရှိသွားပြီဖြစ်သည်။

အတိအကျပြောရမည်ဆိုလျှင် ဒီနေ့ကား သူတို့နှစ်ဦး၏ချစ်သူသက်တမ်းတစ်လပြည့် ... ။

အနှစ်နှစ်အလလ သဘောကျနေခဲ့ရသည့်လူက ယခုအချိန်မှာ သူ့ရဲ့ချစ်သူဖြစ်နေသည်ဆိုသော အချက်က ဈာန်ရောင်ခအတွက် အရမ်းကို စိတ်ချမ်းမြေ့စရာကောင်းလွန်းလှသည်။

ထိုအကြောင်းကို တွေးကြည့်မိရုံနဲ့တင် သူ့နှုတ်ခမ်းထောင့်စွန်းက ကြည်နူးမှုများဖြင့် ကော့တက်သွား၏။ မျက်ဝန်းအကြည့်များကလည်း ချစ်ရိပ်ချစ်ယောင်များဖြင့် ဖုံးလွှမ်းနေလျက် ... ။

လူတစ်ယောက်ဟာ တကယ့်ကို စိတ်ချမ်း‌သာပြီး ပျော်ရွှင်နေမယ်ဆိုရင် အဲဒီအရိပ်အယောင်က ထိုလူရဲ့မျက်နှာထက်မှာ လာထင်ဟပ်လေ့ရှိသည်ဟု လူအများက ပြောကြသည်။

ယခု ဈာန်ရောင်ခ၏မျက်နှာမှာလည်း ထိုအတိုင်းကဲ့သို့ဖြစ်နေသည်။ ပျော်ရွှင်မှုများဖြင့် ထုံမွှန်းထားလျက် ပျားသကာရည်လို ချိုမြနေ၏။

မည်မျှအထိ စိတ်လက်ကြည်လင်နေသလဲဆိုလျှင် ကားမောင်းရင်း ဖွင့်ထားသည့်သီချင်းအတိုင်း စီးမြောကာ လိုက်လံသီဆိုနေမိသည့်အထိပင်။ ပုံမှန်ဆို ဈာန်ရောင်ခက အဲဒီ‌လိုမျိုး လုပ်လေ့မရှိပေ။

ဒီနေ့ ချစ်သူသက်တမ်းတစ်လပြည့်အထိမ်းအမှတ်အနေနဲ့ ကိုကို့ကို သူ ကိုယ်တိုင် ဆောက်ထားသည့် အိမ်လေး‌လက်ဆောင်ပေးမည်ဟုလည်း စဉ်းစားထားသည်။

ဟိုတစ်ခေါက် အလည်ရောက်လာကတည်းက ကိုကိုက သူ့အိမ်လေးကို သဘောကျကြောင်း ဝန်ခံသွားသည်လေ။ သူကလည်း တစ်အိမ်လုံးကို ကိုကို့စိတ်တိုင်းကျ ရိုးရိုးရှင်းရှင်းဖြစ်အောင် တည်ဆောက်ထားသည်ကိုး။

ကိုကိုကတော့ သူ့လက်ဆောင်ကို သေချာပေါက် လက်ခံလိမ့်မည်မဟုတ်ပေ။ အခု ချစ်သူတွေဖြစ်နေတာတောင် ကိုကိုက သူ့ကိုဆို အားနာနေတုန်းဖြစ်သည်။ ဒီလူ၏အားနာတတ်သည့် အကျင့်စရိုက်ကတော့ ဘယ်လိုမှ ပြုပြင်၍ရမည်မထင်ပေ။

ထို့ကြောင့် သူ ပေးသည့်လက်ဆောင်ကို လက်ခံအောင် ကိုကို့ကို ဘယ်လိုဖျောင်းဖျရင်ကောင်းမလဲဟု ကားမောင်းနေရင်း ကြံစည်တွေးတောနေမိသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now