အပိုင်း ( ၁၈ ) ( Unicode )

2.7K 368 37
                                    

" ငယ်ငယ်‌ရေ ... ဒီနေ့ ဘာဟင်းစားချင်လဲ "

ဘုရားစင်ရှေ့မှာ ပုတီးစိတ်တရားထိုင်ပြီးလို့ ထလာသည့် ငယ်ငယ်ကို နှင်းရိပ်ထင် မီးဖိုချောင်ကနေ ‌လှမ်းမေးလိုက်သည်။ ငယ်ငယ်ကလည်း သူရှိနေသည့်မီးဖိုချောင်ထဲထိ လိုက်ဝင်လာကာ

" ရေခဲသေတ္တာထဲမှာ ဘာရှိလဲ သမီး "

ငယ်ငယ်က မေးလာ‌တော့ နှင်းရိပ်ထင်လည်း အပြောနှင့် မဟုတ်ဘဲ အလုပ်နှင့်သာ သက်သေပြလိုက်သည်။ ရေသန့်ဘူးနှင့် အအေးဘူးတွေမှလွဲ၍ တခြားဘာတစ်ခုမှရှိမနေသည့် ဗလာဟင်းလင်းရေခဲသေတ္တာကြီးကို ဆွဲဖွင့်ပြလိုက်ရင်း

" ငယ်ငယ့်ဘာသာ ကြည့်တော့ ... ငယ်ငယ့်မြေး ဘယ်‌လောက်ထိ ဖြစ်ကတတ်ဆန်းနေနေတယ်ဆိုတာ ... ရေခဲသေတ္တာထဲမှာလည်း ဘာတစ်ခုမှ ရှိမနေဘူး ... တစ်နေကုန် ဘာမှမစားဘဲ ရေတွေ အအေးတွေပဲ လှိမ့်သောက်နေတာလားမသိဘူး ... ဒီကောင်လေးဟာလေ ဘယ်တော့မှ စိတ်ချရတယ်လို့မရှိဘူး ... နှင်းကတော့ သူ့ထက်စာရင် မြတ်ကလေးကိုတောင် ပိုစိတ်ချသေးတယ် "

ဒေါ်ဆောင်းရိပ်ထင်လည်း တူမတော်ရဲ့ဆူအောင့်အောင့်စကားကြောင့် ရယ်မောလိုက်ကာ

" သမီးရယ် ... မြေးက ယောကျာ်းလေးဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ... သူ့တိုက်ခန်းက အမှိုက်ပုံလိုရှုပ်ပွမနေတာနဲ့ပင် လိမ္မာတယ်လို့ ပြောလို့ရနေပြီ ... သူ့ဝမ်းစာအတွက်ကတော့ သူ့ဟာသူ ဝယ်စားလိမ့်မပေါ့ ... ဘယ်သူမှတော့ အငတ်ခံမနေလောက်ပါဘူး နှင်းနှင်းရယ် ... ယောကျာ်းလေးဆိုတော့လည်း ရှုပ်ရှုပ်ရှက်ရှက်တွေလုပ်ရတာ စိတ်မရှည်ဘူးထင်ပါရဲ့ "

" ဟွန့် ! မနေ့ကလည်း ဘာမှစားစရာမရှိလို့ ရွာကပါလာတဲ့အခြောက်အခြမ်းတွေနဲ့ပဲ မနက်ရော ညရော စားရတာ ... တော်သေးလို့ပေါ့ ... ရွာကနေ တစ်ခါတည်း ဟင်းတွေပါလာလို့ ... "

ဒေါ်ဆောင်းရိပ်ထင်က ဆူအောင့်နေသည့် တူမတော်ကို ချော့ချော့မော့မော့ပြောနေပေမဲ့လည်း သူက သိပ်အခဲကျေပုံမရပေ။

" မဖြစ်တော့ဘူး ငယ်ငယ် ... ဒီကလေးကို ဟင်းချက်သင်ပေးမှဖြစ်တော့မယ် ... အပြင်စာတွေကို အမြဲတမ်းဝယ်စားနေဖို့က ဘယ်လိုမှအဆင်မပြေနိုင်ဘူး ... သူများတကာတွေချက်ထားတာ သန့်လားမသိ မသန့်လားမသိနဲ့ ... ကိုယ့်အိမ်မှာ ချက်စားတာလောက် ဘယ်ဟာကများ သန့်ရှင်းနိုင်မှာလဲ ငယ်ငယ်ရဲ့ ... သူ့ကို အရင်က သင်ပေးမယ်လို့ ပြောထားတုန်းကကျ ကိုးနာရီမထိုးခင် အတန်းတက်ရမှာ ... ဟင်းချက်စားဖို့အချိန်မရှိဘူး ဘာဘူး ညာဘူးနဲ့ နှင်းကို အသေအလဲတွေ ငြင်းထားတာ ... ဒီတစ်ခေါက်တော့ မရရအောင် သင်ပေးမှဖြစ်တော့မယ် ... ဒီကလေးကို ... "

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now