အပိုင်း ( ၂၅ ) ( Unicode )

2.8K 379 44
                                    

ဖြုတ်ချခြင်းခံလိုက်ရသည့်ပြက္ခဒိန်စာရွက်‌လေးလို အချိန်တွေ တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးသွားသည့်နောက်မှာတော့ လေးဆက်တို့ ဖြေနေရသည့် ပထမနှစ်ဝက်စာမေးပွဲလည်း ပြီးဆုံးသွားခဲ့လေပြီ။

ကျောင်းနှစ်လပိတ်တိုင်း ရွာကိုပြန်နေကျဖြစ်သောကြောင့် လေးဆက်လည်း ထုံးစံအတိုင်း ရွာကို ပြန်ဖို့ပြင်ဆင်ရလေသည်။ မနက်ဖြန်ပြန်လာမည့်အကြောင်း တီနှင်းတို့အား ဖုန်းဆက်လိုက်ပြီးနောက် လိုအပ်မည့်အကျီအဝတ်အစား၊ ပစ္စည်းတွေကို လွယ်အိတ်ထဲမှာ သေချာထည့်ထားလိုက်သည်။

ထို့အပြင် မြတ်ကလေးအတွက် တကူးတကဝယ်ထားသည့် စာအုပ်များ၊ ပန်းချီနှင့်သက်ဆိုင်သည့်ပစ္စည်းများကိုပါ လွယ်အိတ်ထဲ မမေ့မလျော့ထည့်ထားလိုက်သည်။ ယခုဆို မနက်ဖြန်ရွာပြန်ဖို့အတွက် အစစအရာရာအဆင်သင့်ဖြစ်နေခဲ့ပြီ။

ပစ္စည်းတွေ ထုတ်ပိုးသိမ်းဆည်းပြီးနောက် လူလည်းအားလပ်သွားကာ မီးဖိုချောင်ထဲဝင်ပြီး ခါးသက်သက်ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ အဲဒီနောက် ကော်ဖီခွက်ကို ကိုင်ရင်း ဝရန်တာရှေ့မှာ ထွက်ရပ်ကာ လေညှင်းခံမိသည်။

အထပ်မြင့်အလွှာဖြစ်သောကြောင့် လေက တဖြူးဖြူးတိုက်ခတ်နေသည်။ ဆောင်းရာသီတုန်းကလို အေးမြသည့်လေပြည်မဟုတ်သော်ငြား ‌သူ နှစ်သက်သည်။ လေတိုက်တိုင်း မျက်လုံးကိုစုံမှိတ်ကာ တစ်ကိုယ်လုံး လွင့်မျောနေရသည့်ခံစားချက်ကိုလည်း သူ မက်မောသည်။ ထိုအချက်ကြောင့်ပင် ဤဝရန်တာလေးသည် သူ သဘောအကျဆုံး Personal Space လေးတစ်ခုဖြစ်လာခဲ့သည်။

ညနေငါးနာရီဝန်းကျင်အချိန်အခါဖြစ်သော်ငြား နွေရာသီဖြစ်သောကြောင့် အမှောင်ထုတို့ မစိုးမိုးသေးဘဲ အလင်းရောင် အနည်းငယ်ထင်းလျက်ရှိနေသေးသည်။ ထို့အပြင် ပုစွန်ဆီရောင်သန်းနေသည့်ကောင်းကင်ကြီးကြောင့် ဘယ်နေရာကိုကြည့်ကြည့် ပန်းချီကားတစ်ချပ်သဖွယ် သက်ဝင်လှုပ်ရှားနေသည်။

ထိုစဉ် အကြည့်တွေက အမှတ်မထင် မျက်နှာချင်းဆိုင်က နှစ်ထပ်တိုက်ဆီ ရောက်သွားတော့ လေးဆက်ရဲ့မျက်နှာပေါ်မှာ အပြုံးတို့ ပေါ်လာသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now