အပိုင်း ( ၄၃ ) ( Unicode )

2.6K 346 44
                                    

စားသောက်ဆိုင်ရှိရာသို့ ခပ်တည်တည်နှင့်ပြန်လာခဲ့စဉ် သူ လာရာလမ်းဘက်သို့ တစိုက်မတ်မတ် မျှော်ကြည့်နေသည့် ချစ်လှစွာသော သူငယ်ချင်းမနှစ်ယောက်ကို တွေ့လိုက်ရသည်။

သူ့ကိုလည်း မြင်ရော နှစ်ယောက်လုံး ချက်ချင်းဆိုသလိုပင် ထိုင်နေရာမှ ထလာကာ

" လေးဆက် ... နင်ဟယ် ... ကြာလိုက်တာ ... သန့်စင်ခန်းထဲမှာ ဘာတွေများလုပ်နေလို့ အဲဒီလောက်အထိ ကြာနေရတာလဲ "

အနိုင်ကျင့်သည့်ကောင်လေး၏လက်ထဲမှ မရမကရုန်းထွက်ပြီး အပြေးပြန်လာသည့်လူအား အမောဆို့သေစေနိုင်လောက်သည့် မေးခွန်းမျိုးနှင့် မေမြတ်က စတင်လိုက်၏။

ဒီဟာမလေးကို ပိတ်ထုလိုက်ရင် ကောင်းမလားဟု တွေးနေမိသော်လည်း လက်တွေ့မှာတော့ မလုပ်ဖြစ်ပေ။ နင် ရှက်ရမ်းရမ်းနေတာလားဆိုသည့် စူးစူးစမ်းစမ်းအကြည့်များနှင့် ချောင်ပိတ်ရိုက်မည့် မေးခွန်းများကို သူ့အနေနှင့် ဖြေနိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။

" ဟဲ့ ! အဆင်ပြေရဲ့လား ... ဘာလဲ ... နင်တို့နှစ်ယောက် ရန်ဖြစ်လာကြတာလား "

အလိုက်ကမ်းဆိုးမသိဘဲ အော်ကြီးဟစ်ကျယ်နှင့် မေးခွန်းထုတ်နေသည့် ဥဥအား တိတ်တိတ်နေရန် အကြည့်ဖြင့် အချက်ပြလိုက်သည်။

ထိုအခါကျမှ မမလေးနှစ်ယောက်က သူ့ကို ဘာမှဆက်မမေးတော့ဘဲ စားပွဲဝိုင်း၌သာ ပြန်ဝင်ထိုင်နေကြသည်။ အဲဒီနောက် လေးဆက်လည်း မြတ်သူဘေးရှိ ခုံလွတ်တွင် ဝင်ထိုင်လိုက်ပြီး မျက်နှာအောက်ငုံ့ထားလိုက်သည်။

ဈာန်ကတော့ အခုချိန်ထိ ပြန်ရောက်မလာသေးပေ။ ဒီကလေး ပြန်ရောက်မလာသေးတာကလည်း ခပ်ကောင်းကောင်းပဲဟု လေးဆက် တွေးနေမိသည်။ ခုနက ဒီကလေး ရမ်းကားသွားသည့်ကိစ္စက သူ့အတွက်တော့ မျက်နှာပြန်မပြရဲလောက်အောင်အထိ အရှက်ရစေသည်။

ခဏအကြာ သူ့ရှေ့တည့်တည့်၌ ထိုင်ခုံဆွဲလိုက်သံကို ကြားလိုက်ရသည်။ အဲဒီနောက် ထပ်မံထွက်ပေါ်လာသည့် စကားသံတွေကို တမင်တကာနားထောင်နေတာမဟုတ်ဘဲနှင့်တောင် အလိုလိုနားစွင့်ပြီးသားဖြစ်နေခဲ့သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now