အပိုင်း ( ၂၄ ) ( Zawgyi )

1.3K 109 12
                                    

စင်မြင့်ထက်က မြူးကြွကြွတေးဂီသံနှင့်အတူတူ လိုက်ပါစီးမျောကခုန်နေကြသည့်လူတွေကြားမှာ ဈာန်ရောင်ခတစ်ယောက်တည်း ဘာလှုပ်ရှားမှုမရှိဘဲ ခပ်တွေတွေရပ်နေပြီး ကိုကို ပြောသွားသည့်စကားများကို အလေးအနက်ထားကာ စဉ်းစားနေမိသည်။

ဘယ်သူလဲ ...

ကိုကို့မိတ်ဆွေဆိုတာ ဘယ်သူလဲ ...

ဘာဖြစ်လို့ သူက ကိုကို့မိတ်ဆွေကို ဧည့်ခံပေးရမှာလဲ ...

ကိုကို တကယ်ပဲ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ ...

ထိုကဲ့သို့အ‌တွေးများနေစဉ်မှာပင် ရုတ်တရက် အနောက်က‌နေ သူ့ခါးကို ဖက်တွယ်လာသည့် လက်တစ်စုံ ... ။

ကျောပြင်ကျယ်ပေါ် အပ်မှီလာသည့်လူတစ်ယောက်၏ခန္ဓာကိုယ် ... ။

ဒီအထိအတွေ့ကို စိတ်ထဲက မလိုလားမှုကြောင့် ဈာန်ရောင်ခ သူ့ကိုဖက်ထားသည့် လက်အစုံကို ခပ်ကြမ်းကြမ်းဆွဲခွာလိုက်ပြီး ခန္ဓာကိုယ်ကိုရုန်းထွက်လိုက်ကာ နောက်ကို စောင်းငဲ့ကြည့်မိတော့ တွေ့လိုက်ရသည်က တာရာလင်း ... ။

အစကတည်းက ကိုကို့ကြောင့် နောက်ကျိနေသည့်စိတ်တို့က တာရာလင်းကို မြင်လိုက်ရသည့်အချိန်တွင်တော့ ပို၍ဆိုးရွားသွားသည်။ မမြင်ချင်သည့်လူကို မမြင်သင့်သည့်အ‌ခြေအနေမျိုးတွင် တွေ့လိုက်ရသဖြင့် ဒီနေရာကနေ အလျင်စလိုထွက်သွားချင်စိတ်တို့ ပေါက်လာသည်။ သို့ပေမဲ့လည်း ကိုကို မှာသွားသည့်စကားတို့ကြောင့် ခြေလှမ်းတို့က မရွေ့ဖြစ်ပေ။

အဲဒီနောက် တာရာလင်းက အနောက်မှာ ရပ်နေရာကနေ အရှေ့တည့်တည့်ကို လျှောက်လာကာ စင်မြင့်ကို ကျောပေးရင်း ဈာန်ရောင်ခနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဝင်ရပ်လိုက်သည်။

သူ့ရှေ့က လူ၏တွန့်ချိုးနေသည့်မျက်ခုံးတန်းတွေနှင့် တင်းတင်းစေ့ထားသည့်နှုတ်ခမ်းကြောင့် ကိုဈာန်တစ်ယောက် ဘယ်လောက်ထိ စိတ်မကြည်မလင်ဖြစ်နေလဲဆိုတာကို သိလိုက်ရသဖြင့် တာရာလင်း ပြုံးမိသွားသည်။ သူ့အပြုံးကြောင့် မျက်နှာချင်းဆိုင်မှာ ရပ်နေသည့်လူက ပို၍ပင် ခံရခက်သွားဟန်ဖြင့် အံကြိတ်လိုက်သည်ကို တွေ့လိုက်ရသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now