အပိုင်း ( ၄ ) ( Unicode )

3.8K 518 12
                                    

ထို့နောက် ကျောင်းကို ဘာနဲ့သွားမလဲဆိုပြီး တိုင်ပင်ကြတော့ လေးယောက်လုံးရဲ့သဘောတူညီချက်အရ ကိုးခြောက်ကိုးသုံးနဲ့ပဲ လှည်းတန်းစင်တာကနေ ကျောင်းဆီသို့ ချီတက်ခဲ့ကြသည်။ ကျောင်းသို့သွားရာ တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်မှာလည်း လေးဆက်နဲ့ မြတ်သူမှာ အငြိမ်မနေရပေ။ တစ်ချိန်လုံး ပေါက်ကရသီချင်းတွေ အော်ဆိုနေတတ်သည့် မေမြတ်နှင့်ဥဥကို မနည်းထိန်းနေရသည်။

ကျောင်းရောက်တော့ ISH ဆောင်အောက်ဆုံးထပ်မှာ လေးဆက်တို့ ဒီပလိုမာတက်ဖို့အတွက် ဝင်ခွင့်ဖောင်တွေ သွားဖြည့်ရသည်။ သူငယ်ချင်းတွေနဲ့ ရယ်ရင်း မောရင်း ရန်ဖြစ်ရင်း ဖောင်မှာ လိုအပ်တာတွေဖြည့်နေတုန်း ဘေးနားက ကောင်မလေးတစ်သိုက်ရဲ့အတင်း‌ပြောနေကြသည့်အသံတွေကို လေးဆက်ကြားလိုက်ရသည်။

“ ဟဲ့ ... ဟဲ့‌ရေ ... Popular Wall နားမှာ ရပ်နေတဲ့လူက ဈာန်ရောင်ခမဟုတ်ဘူးလား ”

ဈာန်ရောင်ခ ? ရင်ထဲ ဒိတ်ခနဲဖြစ်သွားသလို ဖောင်ဖြည့်နေသည့်လေးဆက်ရဲ့ကိုယ်လေးကလည်း ခပ်မတ်မတ်ဖြစ်သွားခဲ့သည်။

“ အေး ... ဟုတ်တယ်ဟ ... တကယ့်ဈာန်ရောင်ခပဲ ”

မသိချင်ယောင်ဆောင်လိုက်ဖို့ ကြံစည်ထားပေမဲ့ ရုတ်ချည်း နားထဲတိုးဝင်လာသည့်အသံတွေကြောင့် လေးဆက်မှာ အလိုလိုနေရင်း နားစွင့်နေမိလျက်သားဖြစ်နေခဲ့သည်။ ဘာပဲပြောပြော ဈာန်ရောင်ခကို လေးဆက် အပြင်မှာမမြင်ဖူး‌ပေမဲ့ အဲဒီကောင်လေးက လေးဆက်ရဲ့ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်နေသောကြောင့် လေးဆက်မှာ သူနှင့်ပတ်သတ်လာရင် အမြဲတမ်းသတိထားနေရသည်။

“ ဒါနဲ့ ဈာန်ရောင်ခက ဒီကိုဘာလာလုပ်တာလဲ ... အခု ကျောင်းတွေမှ ပြန်မဖွင့်သေးတာ ”

“ ဒီပလိုမာတက်ဖို့ ဖောင်လာဖြည့်တာလားမှ မသိတာ ”

“ ဟဲ့ ... နင်ကလည်း ပိန်းလိုက်တာ ... ဒီပလိုမာတန်းကိုတက်ဖို့ဆို ဘွဲ့ရမှဖြစ်မှာလေ ... ဈာန်ရောင်ခက အခုမှ ဒုတိယနှစ်ဖြေပြီးတာမဟုတ်ဘူးလား ... ပြောရမယ်ဆိုရင် ဈာန်ရောင်ခက တတိယနှစ်ပဲရှိသေးတာ ”

ကောင်မလေးများက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ချေပပြောဆိုနေကြသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now