အပိုင်း ( ၆၁ ) ( Zawgyi )

857 81 18
                                    

ခွပ် !

မျှော်မှန်းထားသည့်အတိုင်းပင် ကိုမြတ်သူ၏လက်သီးချက်က သူ့ပါးပြင်ပေါ်သို့ အရှိန်ပြင်းထန်စွာ မညှာမတာကျရောက်လာသဖြင့် သူ့မျက်နှာသည် ဘယ်မှညာသို့ လည်ပြန်ထွက်သွား၏။

ဤမျှအားပြင်းသည့် လက်သီးချက်အား သူ အနည်းငယ်မျှပင် ရှောင်တိမ်းဖို့ရာအစီအစဉ်မရှိဘဲ ကျေကျေနပ်နပ်ကြီးခံယူလိုက်သည်။ ဆစ်ခနဲဖြစ်သွားသည့် ပါးစောင်နှင့်အတူ ငံကျိကျိသွေးအရသာကိုပါ တစ်ခါတည်း ခံစားမိလိုက်တော့ သူ့နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွား၏။

ဒါက ဖြစ်သင့်တာပဲမဟုတ်လား။ သူ့ရဲ့နှစ်ပေါင်းများစွာ လူမသိသူမသိဖုံးကွယ်ထားသည့်ကိစ္စများအတွက် သူ့အ‌နေနဲ့ ဒီလောက်ကတော့ ပြန်ပေးဆပ်သင့်သည်လေ။ အမှန်ဆို ကိုမြတ်သူက သူ့ကို ဒီထက်တောင် ပိုထိုးသင့်သေးသည်။

ကာယကံရှင်ဖြစ်သည့်ကိုကိုက သူ့ကို ကိုယ်ထိလက်ရောက်ထိုးနှက်ဖို့နေနေသာသာ ဘာတစ်ခွန်းမှအပြစ်မဆိုသောကြောင့် ရက်ပေါင်းအတော်ကြာ သေလောက်အောင်မွန်းကြပ်နေသည့်စိတ်အစဉ်က ယခုလို ခန္ဓာကိုယ်ပိုင်းဆိုင်ရာနာကျင်မှုကို ခံစားလိုက်ရမှ အတန်ငယ်သက်သာသွားသလိုပင်။

ထို့အတွက် ကိုမြတ်သူကိုတောင် သူ ကျေးဇူးတင်သင့်နေပြီ။ အဲဒီနောက် သူလည်း ကိုမြတ်သူအား ခပ်တည်တည်ပြန်စိုက်ကြည့်လိုက်ကာ

“ ထပ်ထိုးဦးမလား ကိုမြတ်သူ ”

“ တောက် ! ဈာန်ရောင်ခ မင်း ! ”

သူက အတည်မေးလိုက်ခြင်းသာဖြစ်သည်။ သို့သော် ထိုမေးခွန်းက အရွဲ့တိုက်သည့်ပုံပေါက်နေသဖြင့် ဒေါသပြေသေးဟန်မတူသည့် ကိုမြတ်သူက သူ့အကျီကို ခပ်တင်းတင်းဆွဲ၍ နောက်တစ်ချက် ထပ်မံထိုးနှက်ဖို့ပြင်၏။

“ မြတ်သူ ! ဈာန့်ကို မလုပ်ပါနဲ့ ! ”

ဆိုဖာပေါ် ထိုင်နေရာမှ အနည်းငယ်ခန္ဓာကိုယ်ကြွလာကာ စူးခနဲ အော်လိုက်သည့် ဥဥ၏အသံကြောင့် ဈာန်ရောင်ခရဲ့မျက်နှာပေါ် ကျရောက်လုဆဲဆဲ မြတ်သူ၏လက်သီးချက်က လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားခဲ့ရသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now