အပိုင်း ( ၅ ) ( Unicode )

3.8K 480 5
                                    

ထွက်ပြေးသွားတယ် ... ကိုကိုက ထွက်ပြေးသွားတယ်တဲ့လား ...

ISH ဆောင်ရှေ့မှာ တစ်ကိုယ်တည်းမတ်တပ်ရပ်နေမိရင်း ဈာန်ရောင်ခ ဟက်ဟက်ပက်ပက်ရယ်မောမိလိုက်သည်။ ခုနလေးတင် သူနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ ကိုကိုက သူလည်း အနားကပ်လာရော ကြောင်ပေါက်စလေးလို လှစ်ခနဲထွက်ပြေးသွားပြန်သည်။ တကယ့်ကို ချစ်စရာကောင်းနေတဲ့ ကိုကိုပါပဲ။ သူလည်း ဒီတစ်ယောက်နဲ့မှ ရူးတော့မည်ထင်သည်။

အစကတည်းက ဒီနေ့ ကိုကိုတို့သူငယ်ချင်းအုပ်စု အင်္ဂလိပ်ဒီပလိုမာတန်းတက်ဖို့အတွက် ဖောင်လာတင်လိမ့်မည်ဟု သတင်းရထားသည့်အတွက် ဈာန်ရောင်ခ ကျောင်းမှာ တကူးတကလာစောင့်နေရခြင်းဖြစ်သည်‌။

လှည်းတန်းစင်တာမှာကတည်းက ကိုကိုတစ်ယောက်တည်း ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် ဟိုဆိုင်ဝင်ကြည့်လိုက် ဒီဆိုင်ဝင်ကြည့်လိုက် လုပ်နေတာကို အနောက်ခပ်ဝေးဝေးကနေလိုက်ကြည့်နေရင်း ဈာန်ရောင်ခ တော်တော်ပျော်နေမိသည်။

တစ်ဆက်တည်းမှာပင် ကိုကို့အား တစ်ယောက်တည်းအကြာကြီးစောင့်ခိုင်းထားသည့် ကိုကို့သူငယ်ချင်းတွေကိုပါ မေတ္တာပို့မိလိုက်သည်။ ဈာန်ရောင်ခထက် အသက်ပိုကြီးတဲ့မေဂျာတူစီနီယာတွေဆိုပေမဲ့ မေတ္တာပို့မိလိုက်တာကတော့ မတတ်နိုင်‌ပေ။

သို့သော်ငြား အိမ်သာထဲမှာ ကိုကိုနှင့် ထိပ်တိုက်တွေ့ခဲ့ရသည့်အဖြစ်အပျက်ကတော့ တကယ့်ကို မတော်တဆပင်ဖြစ်သည်။ ဈာန်ရောင်ခလည်း ကိုကိုနဲ့ အိမ်သာထဲမှာ ဆုံရလိမ့်မည်ဟု မထင်ထားပေ။ အမှန်တော့ ဈာန်ရောင်ခက ကိုကို့ကို ကျောင်းမှာပဲ သွားစောင့်နေဖို့စဉ်းစားလိုက်ပြီး အိမ်သာခဏဝင်လိုက်တာဖြစ်သည်။

အိမ်သာထဲက အထွက်မှာတော့ မမျှော်လင့်ထားသည့်လူတစ်‌ယောက်က အိမ်သာရှေ့မှာ ခုန်ဆွခုန်ဆွနဲ့ မရိုးမယွဖြစ်နေတာကို မြင်လိုက်ရတော့ ဈာန်ရောင်ခ တကယ်အံ့ဩသွားမိသည်။

ကိုကိုက တကယ့်ကလေးဆိုးလေးပဲ။

အိမ်သာဝင်ချင်လွန်းလို့ ပါးစပ်ကနေ တောင်းပန်စကားကို နှုတ်တိုက်ရွတ်ပြီး သူ့ရဲ့ပခုံးကို ဝင်တိုက်ကာ အိမ်သာထဲ အသည်းအသန်ဝင်ပြေးသွားသည်အထိ ဈာန်ရောင်ခ အကုန်လိုက်ကြည့်နေမိသည်။ မတော်တဆဆုံလိုက်ရသည့်အတွက် အပျော်တွေက ဖုံးကွယ်လို့မရနိုင်ဘဲ ဈာန်ရောင်ခ ပြုံးမိရသည့်အထိပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now