အပိုင်း ( ၄၂ ) ( Unicode )

2.7K 363 34
                                    

ရင်ထဲမှာ ထိန်းမရအောင် ဒေါသလှိုင်းထန်နေသည်။

သူ သဝန်တိုနေမှန်း သိရက်နဲ့ ... ။

သူ သဘောမကျဘူးဆိုတာကို သိရက်နဲ့ ... ။

လုပ်ချင်ရာ လုပ်သွားပြီးတော့မှ သူ့မျက်စိရှေ့မှောက်ကနေ ဒီလိုရှောင်ထွက်လို့ရမလား။ ဒေါသအရှိန်အဟုန်ကြောင့် ခြေလှမ်းများက အလိုလိုမြန်ဆန်နေသည်။

အဆင့်မြင့်စားသောက်ဆိုင်၏သီးခြားတစ်နေရာတွင်ရှိသော အမျိုးသားသန့်စင်ခန်းဟု ရေးထားသည့်အဆောက်အဦးထဲ ဝင်ဝင်ချင်း ဘေစင်မှာ လက်ဆေးနေသည့် ကိုမြတ်သူကို တွေ့လိုက်ရသဖြင့် အနားကို လျှောက်သွားလိုက်ကာ

“ ကိုမြတ်သူ ... ကိုကိုရော ... ”

ထိုအခါ ကိုမြတ်သူက အိမ်သာခန်းတစ်ခုကို ညွှန်ပြလာသည်။

“ သူ ခုနလေးတင် ဝင်သွားတာ ”

ကိုမြတ်သူ ညွှန်ပြလာသည့် ထိုနေရာကို ဈာန်ရောင်ခ အေးစက်စက်စိုက်ကြည့်ရင်း

“ ကျွန်တော် ကိုကို့ကို စောင့်ပေးလိုက်မယ် ... ကိုမြတ်သူ အရင်ပြန်ချင် ပြန်နှင့်လေ ”

သူ့စကားကြောင့် ကိုမြတ်သူက သူ့ကို ထူးဆန်းသလို တစ်ချက်လှည့်ကြည့်လာသည်။ အဲဒီနောက် ဘာတစ်ခွန်းမှ ထပ်မမေးတော့ဘဲ သန့်စင်ခန်းထဲကနေ ထွက်သွားလေသည်။

ဈာန်ရောင်ခကတော့ ရင်ထဲမှာ ဖွဲ့သီလာသည့် မကျေနပ်မှုများစွာကို ဆုပ်ကိုင်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလျက်ရှိသည်။

“ မြတ်သူ ”

လေးဆက် မြတ်သူနာမည်ကို ခေါ်ရင်း အိမ်သာတံခါးကို ဖွင့်လိုက်ချိန်မှာ

“ အာ့ ! ဘယ်သူ ... ”

လူတစ်ယောက်က သူ့ရင်ဘတ်ကို အိမ်သာနံရံဘက် ပြန်တွန်းထုတ်လိုက်ကာ တံခါးဂျက်ချလိုက်လေသည်။ အစက ထိုလူက ဘယ်သူမှန်း သိပ်မသဲကွဲသော်လည်း သေချာပြန်ကြည့်မိတော့မှ အံ့ဩသွားရသည်။

“ ဈာန် ... မင်း ဘာလုပ် ... အွန့် ! ”

ရုတ်တရက် ပူနွေးစွာ ငုံထွေးခံလိုက်ရသည့် သူ့နှုတ်ခမ်းလွှာများ ... ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now