အပိုင်း ( ၁၇ ) ( Unicode )

2.9K 361 21
                                    

ကားဟွန်းတီးသံတွေ၊ ခရီးဆောင်အိတ်ကိုင်ဆောင်ထားတဲ့လူတွေ၊ ဈေးသည်တွေ၊ တက္ကစီသမားတွေ အော်ဟစ်ဆူညံနေသည့် နေရာအတွင်း လေးဆက်တစ်ကိုယ်တည်း ရောက်ရှိနေခဲ့သည်။ သူ ဟိုကြည့် ဒီကြည့်လုပ်ကာ လူ လိုက်ရှာနေတုန်း

“ ကိုကြီးရေ ... မြတ်တို့က ဒီမှာ ... ”

လူကို အရင်မမြင်ရ၊ အသံကို အရင်ကြားရသည့်ပန်းမြတ်ရိပ်သွင်ရယ်ပါ။ သူ လှည့်ကြည့်လိုက်တော့ အဝါနုရောင်ဂါဝန်ဖားဖားလေးဝတ်ထားသည့် မြတ်ကလေးက ရှေ့အတိ ဆံပင်အုပ်အုပ်လေးနှင့် အင်မတန်မှချစ်စရာကောင်းနေသည်။

မြတ်ကလေးက ထုံးစံအတိုင်း ကံကော်ပန်းတစ်ပွင့်ကို နားနောက်မှာ ကလစ်လေးနဲ့ထိုးပြီး ညပ်ထားတဲ့ပုံလေးက မသိရင် အရွယ်ရောက်နေတဲ့ လုံမပျိုလေးတစ်ယောက်ဟန်။ ဒါက ဘွား‌နဲ့အနေများလို့ မြတ်ကလေးထံ တဖြည်းဖြည်းကူးစက်လာတဲ့အကျင့်လေးပေါ့။

ဘွားက ပန်းတွေကို အရမ်းသဘောကျသည်။ ဘယ်လိုပန်းမျိုးကိုမဆိုပေါ့။ မြေပြင်ပေါ်မှာ ပေါက်နေသည့် အပင်လေးတွေကိုလည်း ဘွားက သဘောကျတာပဲ။ အရိပ်ရတဲ့သစ်ပင်ကြီးတွေကိုဆိုရင်လည်း သဘောကျရှာသည်။ လယ်ကွင်းပြင်စိမ်းစိမ်းမှာ နေရာအနှံ့ပေါက်ရောက်နေသည့် စပါးပင်တွေကြားမှာလည်း ဘွားက သူ့အသက်အရွယ်နှင့်မလိုက် လျှောက်သွားချင်သေးသည်။

မြစ်ချောင်းအင်းအိုင်တွေ၊ တောင်စဥ်‌တောင်တန်းတွေ၊ မနက်တိုင်းထွက်ပြီး ညနေတိုင်းဝင်လေ့ရှိသည့်နေမင်းကြီး၊ ညအခါ လူသားတွေကို အလင်းရောင်လွှမ်းခြုံပြီး အဖော်ပြုပေးတတ်သည့်လမင်းကြီး၊ ထိုလမင်းကြီးနောက်မှာ တိတ်တခိုးပုန်းကွယ်နေတတ်သည့် မှိန်ဖျဖျကြယ်လေးတွေ၊ ခပ်ပြေပြေတိုက်ခတ်တတ်သည့် လေပြည်အေး၊ ကြမ်းတမ်းစွာ ရွာသွန်းတတ်သည့်မိုးရေစက်တွေ၊ ပူပြင်းမှုတွေ ပေးစွမ်းနိုင်သည့် နေရောင်ခြည်အစရှိသဖြင့် သဘာဝတရားကြီးရဲ့လှပမှုတစ်ခုချင်းစီတိုင်းကို လေးဆက်တို့ငယ်ငယ်လေးကတည်းက ဘွားက စီကာပတ်ကုံးပြောပြတတ်သည်။

ဘွားကိုယ်တိုင်လည်း သဘာဝတရားကြီးကို ချစ်မြတ်နိုးသူပီပီ သူ့ရဲ့တူ၊ တူမတွေ၊ မြေးတွေကိုလည်း သူ့လိုပဲ သဘာဝတရားကြီးကို လေးစားတတ်အောင် သင်ပေးထားသည်။ ဒါက လေးဆက်အတွက် ဘွားဆီက ရခဲ့ဖူးသည့်အကောင်းဆုံးသောဆုလာဒ်တစ်ခုပါပဲ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now