58

7.8K 1.4K 68
                                    

ရှိန့်ဖုန်းနှင့် သူ့အသင်းက အခြေစခန်း H မှ ထွက်ခွာလာခဲ့ကြသည်။ လုချန်ဖုန်းမှာ ဘယ်နေရာသို့ ပျောက်သွားမှန်း မသိရချေ။

ချင်းယွင်သည် ရှိန့်ဖုန်း၏ ကားထဲ၌ နောက်တစ်ခါ ထိုင်နေရသည်။ ဤဂြိုလ်တုမှစောင့်ကြည့်သည့်စက်ပါသော ယာဉ်ကို ရှိန့်ဖုန်းက B မြို့မှယူလာခဲ့သည်ဖြစ်၍ အခြေစခန်း H နှင့်မသက်ဆိုင်ဘဲ သူနှင့်အတူပါလာသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က အခြေစခန်း H တွင်နေခဲ့စဉ်တွင် ကား၏အနောက်ခုံကို အတော်ကျယ်သောအိပ်ရာအဖြစ် ရှိန့်ဖုန်းပြင်ဆင်ခဲ့သည်။ ခရီးတစ်လျှောက်တွင် ကလေးပိုသက်တောင့်သက်သာနေနိုင်စေရန် တွေးခဲ့သော်လည်း ချင်းယွင်လေးက သူ့ဘေးမှထိုင်ခုံတွင် ထိုင်ချင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအစေ့နှစ်စေ့ရစဉ်ကတည်းက ရှိန့်ဖုန်းသူ့လမ်းကြောင်းကို ပြောင်းလဲခဲ့သည်။ မူလအစီအစဉ်အရ သူ့အခြေစခန်းကို မြို့လယ်တွင် အခြေတည်ချင်ခဲ့သော်လည်း ယခုသူမြို့များကို မြန်မြန်ကျော်ဖြတ်သွားကာ ကျေးလက်တောရွာများဘက်သို့ ဦးတည်လာခဲ့သည်။ထိုနေရာတွင် အစေ့များ ပိုရလာနိုင်သည်။

သုံးရက်ကြာပြီးသောအခါ လီရယ်က ဤအစေ့နှစ်စေ့ကို အညှောင့်ပေါက်အောင် ပျိုးထောင်နိုင်ခဲ့သည်။ ထိုသတင်းကောင်းက အဖွဲ့ထဲမှ စိတ်ဓာတ်ကိုမြှင့်တင်ပေးသည်။

လီရယ်က အိုးဖြင့်စိုက်ထားသောအပင်နှစ်ပင်ကို ချင်းယွင်မြင်စေရန် ရှိန့်ဖုန်း၏ကားထံသို့ စိတ်လှုပ်ရှားစွာ သယ်လာသည်။

အိုးသေးသေးလေးထဲ၌ အစို့ထွက်ကာစ အပင်လေးနှစ်ပင်ရှိနေသည်။ သူတို့က စိမ်းစိုနေပြီး ချစ်ဖို့ကောင်းရာ ချင်းယွင်၏အာရုံအားချက်ချင်း ဆွဲဆောင်သွားသည်။

"သခင်လေး ယွင်၊ ကြည့်ကြည့် " လီရယ်က အပင်အိုးလေးအား ချင်းယွင်ကို ကမ်းပေးလိုက်ကာ ပြောသည်။ "သာမန်မြေကြီးက အန္တရာယ်ရှိနေမှာစိုးလို့ မြေကြီးစွမ်းအင်ရှိတဲ့ အစ်ကိုတင်းကို မြေကြီးတွေ ထုတ်ခိုင်းလိုက်ပြီး မဖောက်ရသေးတဲ့ ရေသန့်တစ်ဘူးနဲ့ ပျိုးထားတာ၊ ဒီလိုအပင်ပေါက်လေးတွေ ထွက်လာတော့တာပဲ။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now