113 (Arc 9)

11.5K 1.5K 68
                                    

ချင်းယွင်က တယောကို တိတ်တဆိတ်သာ ငုံ့ကောက်၍ ၎င်း၏အပေါ်မှ ပွန်းရာပဲ့ရာများအား ညင်သာစွာပွတ်သပ်ပြီးမှ ရင်ခွင်ထဲဖက်၍ထလာသည်။

"ဟေ့ကောင် အဲ့ဒါ ဘာမျက်နှာထားလဲ။ မင်းကို လမ်းဖယ်ဖို့ ငါပြောနေတာကြာပြီလေ၊ မင်းဘာသာ နားမထောင်တာမဟုတ်လား။" သူ့အား ခုနကတိုက်လိုက်သူ လင်းသည် သူ့အရှေ့၌ရပ်ကာ အနည်းငယ်ပို၍မခံချိမခံသာဖြစ်အောင် ပြောချင်သော်လည်း ယခင်က တိတ်ဆိတ်ကာ ညှိုးငယ်နေတတ်သူ၏ မျက်ဝန်းများထဲတွင် ခြားနားသောထက်မြက်မှုကို တွေ့လိုက်ရသည်။

"သွားစမ်း။" ချင်းယွင်က အေးစက်ခက်ထန်စွာ ခွန်းတုန့်ပြန်လိုက်သည်။ ထို့နောက်သူက မည်သူမှ မရှိသည့် ထောင့်တစ်နေရာသို့ တည့်တည့်လျှောက်သွားသည်။

လင်းက နေရာတွင်သာ မတ်တပ်ရပ်ပြီး ခေါင်းကုတ်နေကာ ဤတစ်ယောက်မှာ ယနေ့တွင်ဘာကြောင့် သတ္တိရှိနေသည်ကို နားမလည်နိုင်ဖြစ်နေသည်။

ကျန်လူများက ထိုအဖြစ်ကိုတွေ့ကာ ချက်ချင်းရယ်မောကြသည်။ "လင်း၊ မင်း မလုပ်နိုင်ပါဘူးကွာ။ ဒီနေ့မှာ ပါရမီရှင်က မင်းထက်အရင် ဖျော်ဖြေရမှာ၊ ပြိုင်ပွဲမစရသေးတာတောင် မင်းကြောက်နေပြီမဟုတ်လား။"

"ဟမ့်၊ ငါက သူ့ကိုမကြောက်ပါဘူး။ သူက သူကလေးတုန်းကရဲ့ တစ်ဝက်လောက် ကောင်းကောင်းတီးနိုင်ရင်တောင် ကံကောင်း။" လင်းက အထင်သေးစွာဖြင့် မျက်နှာရှစ်ခေါက်ချိုးလုပ်ပြီး လူအုပ်ကြားထဲဝင်သွားကာ ပြိုင်ပွဲ၌သူတို့ဘာဖျော်ဖြေမည်ကို မေးမြန်းနေသည်။

ဤဘက်ခြမ်းတွင် ပျော်ရွှင်မှုများ ပြည့်နေသော်လည်း ချင်းယွင် အထီးကျန်စွာထိုင်နေသောထောင့်၌ သူတစ်ယောက်ထဲသာရှိသည်။

ချင်းယွင်က တိတ်ဆိတ်စွာ နေရသည်ကိုနှစ်သက်ပြီး တယောကြိုးများအားညှိရင်း သူ့စိတ်ထဲလက်ခံရရှိသော အချက်အလက်များကို လေ့လာနေသည်။ ဤကမ္ဘာမှ သူ့နာမည်မှာ ရှန်ချန်ယွီဖြစ်ပြီး သူက အသက်ဆယ့်နှစ်နှစ်မတိုင်မီအထိ ကျော်ကြားသော ဂီတပါရမီရှင်ဖြစ်သည်။

သူက မိခင်၊ဖခင် မရှိသဖြင့် မိဘမဲ့ဂေဟာတွင် နေခဲ့ရပြီး ဂေဟာဒါရိုက်တာဖြစ်သော တယောဝါသနာရှင်ထံမှ သင်ယူကာ နည်းပညာကို ရိုးရိုးရှင်းရှင်း ကျွမ်းကျင်လာခဲ့သည်။ သူက ဂီတဖြင့် အသက်မွေးရန်မွေးဖွားလာပုံပေါ်ပြီး လှပသော အနုပညာလောက တံခါးသည် သူ့အတွက် လွယ်လွယ်ကူကူ ပွင့်နေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now