၁။ အတိတ်နှင့် ပစ္စုပ္ပန်

10.3K 364 5
                                    

အခန်း(၁) အတိတ်နှင့် ပစ္စုပ္ပန်

တောင်တန်းများက အမှောင်ယံထဲ ပိတ်ဖုံးတားဆီးထားကြသည်။ အဝါရောင်မီးတောက်များက တောင်ကြားအိမ်ကို ဝါးမြိုလျက် တဟုန်းဟုန်း တောက်လောင်နေကြသည်။ မရေမတွက်နိုင်သော စူးစူးဝါးဝါးအော်သံများက တောင်ကြားတောက်လျှောက် ပဲ့တင်ထပ်ကာ ကပ်ပါလာကြသည်။

ဆယ့်လေးနှစ်အရွယ် မိန်းကလေးတယောက်က ထိုမြင်ကွင်းကို ငေးကြောင်ကာ ကြည့်နေသည်။ သူမလက်တဖက်မှာတော့ မီးတုတ်ကို ကိုင်ထားသည်။

အငမ်းမရဖြစ်နေသည့် မီးတောက်မီးလျှံများက အရာရာကို ဝါးမျိုနေကြသည်။ သစ်သားမီးကျွမ်းသဖြင့် အက်ကွဲသံများသာ ကျန်ရစ်ခဲ့သည်။

လောင်ကျွမ်းသွားပြီ။ အကုန် လောင်ကျွမ်းသွားပြီ။

ဆိုးယုတ်သည့် ဤလှောင်အိမ်ကား ပျောက်ကွယ်သွားလေပြီ။

နောက်ဆုံးတော့ ဆယ်နှစ်ကြာတည်ရှိခဲ့သည့် ဤအကျဉ်းထောင်က အခု မီးပင်လယ်အဖြစ်သို့ ပြောင်းသွားရလေပြီ။

(ငါတို့ ဘယ်သွားကြမလဲ။)

နူးညံ့ချိုသာသည့် အသံက အသာအယာ မေးလာသည်။ ကြောင်နက်လေးက သူမပခုံးပေါ်မှာ ထိုင်နေလျက် သူမအား ကြည်လင် ဝင်းလက်နေသည့် မျက်လုံးတစုံဖြင့် စူးစိုက်ကာ ကြည့်လျက် မေးလိုက်ခြင်း ဖြစ်သည်။ သူက သူ့လက်ဖဝါးများကို လျက်နေသည်။

"ဒီနေရာကနေ ထွက်သွားနိုင်သရွေ့ ငါတို့ ဘယ်ကိုမဆို သွားနိုင်တယ်" မိန်းကလေးက သူမ၏ အပြောင်မြောက်ဆုံးလက်ရာကို နောက်ဆုံး တချက်ကြည့်ပြီး တောင်တန်းများဆီသို့ လှည့်ကာ လျှောက်သွားတော့သည်။ ကြမ်းတမ်းခက်ထော်နေသည့် တောအုပ်လမ်းမှာ ခံစားချက် ကင်းမဲ့စွာ သူမက လျှောက်လှမ်းသည်နှင့် သူမ၏ သေးသွယ်သည့် ခြေချင်းဝတ်မှာ ချုပ်နှောင်ထားသည့် သံကြိုးများမှ တချွင်ချွင်မြည်သံက ထွက်ပေါ်လာသည်။

သူမ လှည့်ထွက်သွားသည်နှင့် တပြိုင်နက် မီးလွှမ်းနေသည့် ခန္ဓာကိုယ်က အပျက်အစီးများကြားမှ ပြေးထွက်လာကာ အမှောင်ထုထဲဝယ် မှေးမိန်ပျောက်ကွယ်လုဖြစ်နေသည့် နောက်ကျောကို စူးစူးရဲရဲ ကြည့်နေသည်။ သူ့မျက်လုံးများမှာ ရူးသွပ်သည့် အရိပ်အယောင်များက ပြည့်နှက်နေ၏။ ထို့နောက် နားကွဲလုမတတ် အော်ဟစ်သံက ပဲ့တင်ကာ ထွက်လာသည်။

ပါရမီရှင်သမားတော်Where stories live. Discover now