၁၃၂။ ရောက်လာပေးလို့ ကျေးဇူးပါ - ၁
ဂျန်ရှင်းယန်နှင့် ဂျန်ချင်းက တိတ်ဆိတ်စွာ တွေးတောနေကြသည်။ သည်လိုမျိုး ကိစ္စများ ဖြစ်ပျက်လာလိမ့်မည်ဟူ၍ ဘယ်တုန်းကမျှ သူတို့ မတွေးခဲ့ပေ။
တစ်ချိန်လုံး ဂျန်ဝုရှီက လင်းအိမ်တော်မှ မထွက်ခွာခဲ့ပေ။ သူမက မည်သို့ သည်လို ရဲတင်းသော ကိစ္စများကို စီမံသွားနိုင်ခဲ့သနည်း။
သားအဖနှစ်ယောက်လုံးက မေးခွန်းများစွာ မေးနေသဖြင့် ဂျန်ဝုရှီက သူမအိပ်ဆောင်သို့ မပြန်နိုင်သေးပေ။ သူမ၏ ရှုပ်ထွေးပွေလီသည့် စီမံချက်ကို သေချာ ရှင်းလင်းပြပြီးမှ သူတို့က သူမကို ပြန်လွှတ်လိုက်သည်။
မိုချင်းယွမ်အတွက် တိုးချဲ့အဆောင်တစ်ခုတွင် အခန်းတစ်ခုကို စီမံပေးလိုက်သည်။ သူ့အခန်းက ဂျန်ဝုရှီ၏ အခန်းနှင့် ဝေးကွာလွန်းသဖြင့် တမင်သက်သက်များ လုပ်သလားလို့ သူ စဉ်းစားသွားရသည်။
ဂျန်ရှင်းယန်၏ အခန်းမှ ထွက်လာပြီးနောက် ဂျန်ဝုရှီက သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမ ခန္ဓာကိုယ်မှ သွေးစွန်း အဝတ်များကြောင့် ညှီစော်နေလေပြီ။ အနက်ရောင်သားရဲကြီးက တံခါးအနီးတွင် တုပ်ဝပ်၍ ထိုင်နေသည်။ သူက ဂျန်ဝုရှီကို မြင်လျှင် သူမထံ လာ၍ ပွတ်သပ်နေသည်။
“ညောင်”
(ငါ့သခင်မက ကနေ့ အရမ်း ရဲရင့်တာပဲ။)
“တိတ်တိတ်နေစမ်း, ငါ ညစ်ပတ်နေတယ်” ဂျန်ဝုရှီက သူမ၏ အဝတ်အစားများကို ငုံ့ကြည့်ရင်း နှာခေါင်းရှုံ့မိသွားသည်။ ထို့နောက် သူမက အခန်းထဲသို့ အပြေး ဝင်သွားသည်။
အနက်ရောင်သားရဲကြီး အနက်ရောင် ကြောင်လေးအဖြစ် ပြန်ပြောင်း၍ ဂျန်ဝုရှီ၏ ပခုံးပေါ်သို့ တက်လိုက်သည်။
သူတို့က သူတို့၏ အိမ်ဝန်းသို့ ပြန်ရောက်လာကြသည်။ လုပ်ကြံသူများ၏ သက်မဲ့ကိုယ်များကို နန်းတော်ဂိတ်တံခါးဝသို့ အကုန်ယူသွားခဲ့သော်လည်း မြေပြင်ပေါ်မှာ သွေးများစွန်းပေကုန်ခဲ့သည်။ သွေးနံ့ပြင်းပြင်းက အိမ်ဝန်းတွင် အသက်ရှုကျပ်စေသည်အထိ စွဲကျန်နေခဲ့သည်။ အစေခံများက ရေဖြင့် ဆေးကြောသုတ်သင်နေတုန်းပင် ရှိသည်။ သို့သော်လည်း သွေးများစွန်းပေနေသည်က များလွန်းသဖြင့် မပြီးစီးနိုင်ကြသေးချေ။