၃၂။ လျှို့ဝှက် ပညာရှင် - ၂

1.7K 218 0
                                    

၃၂။ လျှို့ဝှက် ပညာရှင် - ၂

ဂျန်ချင်း အဆိပ်မိပြီးကတည်းက သူ့ခြေထောက်များမှာ မည်သည့် အတွေ့အထိကိုမျှ မခံစားခဲ့ရချေ။ အလွန်အေးသည့် ဆောင်းတွင်းမှာ တစ်ခါတစ်ရံ အေးစက်စက်ဖြစ်ခြင်းမျှကိုသာ ခံစားခဲ့ရသည်။ သို့သော် အခု သူ တစ်စုံတစ်ရာကို ခံစားမိခဲ့ပြီ၊ သူ သည်နှစ်များမှာ အလွန်တမ်းတနေခဲ့သည့် ခံစားချက်ဖြစ်သည်။ သည်ခံစားချက်က မည်သို့ပင် နာကျင်ပါစေ, ခံစားလို့ ကောင်းနေသည်။

“အဖေ, ဝုရှီ ဘယ်မှာလဲ” သူက ရုတ်တရက် ပြန် သတိရလိုက်သည်။

(ဦးလေး, ကျမကို ယုံလား။)

ဂျန်ဝုရှီက သူ့ကို သည်လို မေးခဲ့စဉ်က သူက များများစားစား စဉ်းစားမနေခဲ့ပေ။ သို့သော် အခု သည်လို ဖြစ်လာခဲ့ပြီ.... သူ့ကို သူမ မေးသည်က အမေးကလေး တစ်ခုမျှသာ, သူမက သူ့ကို ကြာစေ့ကို ကျွေးပြီးနောက် သူ့ခန္ဓာကိုယ်က သည်လို ကြီးကြီးမားမား ပြောင်းလဲတာနှင့် ကြုံရလေပြီ။

သည်အဖြစ်များအားလုံးက အလွန် တိုက်ဆိုင်နေကြသည်။

ဂျန်ချင်းယန်က ဂျန်ဝုရှီကို ခေါ်ဖို့ တစ်ယောက်ကို လွှတ်လိုက်သည်။

သူမ အခန်းထဲသို့ ဝင်လာလျှင် ဆေးရနံ့သင်းသင်းလေးပါ ကပ်ပါလာသည်။ သူမက ကြောင်နက်လေးကို ချီလာပြီး အိပ်ရာဘေးသို့ လျှောက်လှမ်းလာသည်။

“ဦးလေး နိုးလာပြီလား” သူမက မျှော်လင့်ထားသလို ဖြစ်နေ၍ မည်သည့် အံ့အားသင့်ဟန်ကိုမျှ မပြသပေ။

“ဝုရှီ, ဒီတစ်ကြိမ် ဦးလေးက နင့်ကို တကယ့်ကို ကျေးဇူးတင်ဖို့ လိုနေပြီ၊ သိလား” ဂျန်ချင်းက နွေးထွေးစွာ သူ့တူမကို ပြုံးပြသည်။ ကြောင်လေးက သူမလက်ကြားထဲတွင် ပျော်ရွှင်ပြီး အားရကျေနပ်စွာ သူ့အား ကြည့်နေသည်ကို သူက မြင်လိုက်သည်။ ဂျန်ဝုရှီက အမြဲတမ်းပင် တိရစ္ဆာန်များကို နှစ်သက်သူ ဖြစ်သည်။ သို့သော် သူမ၏ စိတ်မရှည်နိုင်မှုကြောင့် မွေးသမျှ အိမ်မွေးတိရစ္ဆာန်များက ပြေးကုန်ကြစမြဲ။ သူက ကြောင်နှင့် ခွေးများကို သူမအတွက် ခေါ်ယူလာခဲ့သော်ငြား နောက်ဆုံးတွင် တစ်ကောင်မျှ မခံနိုင်ကြဘဲ ပြန်ပြေးသွားခြင်းဖြင့်သာ အဆုံးသတ်သွားကြသည်။ ထို့ကြောင့် ကြောင်နက်လေးကို ချီပိုးထားသည့် မြင်ကွင်းက ကြုံတောင့်ကြုံခဲ မြင်ကွင်း ဖြစ်နေရသည်။

“မလိုပါဘူး, ဒါက ကျမ အပြစ်ပါ” သူမက ကြောင်လေး၏ အမွှေးပွပွကို ပွတ်သပ်နေရင်း ငုံ့ကြည့်၍ နူးညံ့ချိုသာစွာ ပြောသည်။

သားအဖ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။

“ဝုရှီ, မင်း ဘာပြောချင်တာလဲ” ဂျန်ရှင်းယန်က ချိုသာစွာ မေးသည်။ သူ့လေသံက အလွန် အက်ကွဲနေပြီး ကြောက်ရွံ့နေဟန်ရသည်။ သူ့မြေးမလေးကိုလည်း စိတ်ဒဏ်ရာ ရသွားမှာကို မလိုလားချေ။

ဂျန်ဝုရှီက သူတို့နှစ်ယောက်လုံးကို တောက်ပသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။ “တကယ်တော့ ဖိုးဖိုးတို့ နှစ်ယောက်လုံးကို ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိပါဘူး၊ ဒီတစ်ကြိမ် သမီး ချောက်ထဲ ပြုတ်ကျသွားတော့ သမီးအရိုးတွေ အကုန်လုံးနီးပါး ကျိုးကြေသွားခဲ့တယ်၊ ဆရာသာ သမီးကို မကယ်ခဲ့ရင် သမီးက သေနေလောက်ပြီ။”

“ဆရာလား”

ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ “သမီးကို ကယ်ပြီး လင်းအိမ်တော်ကို ပြန်ပို့ခိုင်းလိုက်တာ ဆရာပေါ့၊  ဒါပေမဲ့ သူက တခြားလူတွေ သိမှာကို မလိုလားဘူး၊ ဒါ့ကြောင့်မို့ ဝူ... အကို့ဆီ လက်လွှဲပေးလိုက်တာ၊ သမီး ပြန်လည် အားဖြည့်နေတုန်းမှာလဲ တစ်ချိန်လုံး ဆရာက သမီးကို ဆေးပညာစိတ်ဝင်စားမှန်း သိလို့ သမီးကို သူ့တပည့်အဖြစ် လက်ခံခဲ့တယ်၊ သူ့ မူရင်းဇာစ်မြစ်ကို မသိပေမဲ့ သူက သမီးကို ကယ်တင်ခဲ့တဲ့သူပဲ၊ သူက အရမ်း ကျွမ်းကျင်မှန်း သမီး သိတယ်၊ ဒါ့ကြောင့်ပဲ သမီးက ဆေးပညာကို စိတ်မဝင်စားပေမဲ့လည်း ဆေးပညာကို စတင် လေ့လာခဲ့တာပေါ့၊ ဘာလို့လဲဆိုတော့ ဆရာက ပြောတယ်၊ သမီးမှာ ခန္ဓာကိုယ်က အားနည်းပြီး စာချုပ်ဝိညာဉ် ရှိမနေလို့ ဒီဆေးပညာကပဲ ကိုယ့်ကိုယ်ကို ကာကွယ်စရာ ဖြစ်လိမ့်မယ်တဲ့။”

သူမအား တည်ကြည်ငြိမ်သက်စွာ ကြည့်နေသည့် သူတို့ကို သူမက ခြုံကြည့်လိုက်သည်။

“တကယ်တော့, ကြာ‌စေ့က ရိုးရိုး ကြာစေ့ မဟုတ်ဘူး၊ ဆရာပေးခဲ့တဲ့ ကြာစေ့၊ အဲဒါက အရိုးနဲ့ ခြင်ဆီကို သန့်ရှင်းပစ်နိုင်တဲ့ စွမ်းရည် ရှိတယ်။” သူမက ဆက်ပြောသည်။

ပါရမီရှင်သမားတော်Where stories live. Discover now