၁၆။ ကြာဖြူပန်းလေး - ၁
သူမက အခန်းသို့ ပြန်လည် ရောက်ရှိလာလျှင် ကြောင်နက်လေး ပေါ်လာပြီး သူမပခုံးပေါ်သို့ ခုန်တက်ကာ သူမပါးကို ယုယုယယဖြင့် ပွတ်သီးပွတ်သပ် လုပ်လေ၏။
“ဖိုးဖိုးဆိုသူ အားလုံးက ဒီလိုပဲ ပံ့ပိုးပေးတတ်ကြသလား” သူမက ကြေးမှန်ရှေ့တွင် ထိုင်ရင်း စိမ်းနေသော်လည်း ရင်းနှီးနေသည့် ပုံရိပ်ကို ကြည့်နေသည်။
“ပုံမှန် တော်စပ်မှုအရဆိုရင်တော့, သည်လိုပဲ ဖြစ်သင့်တာပေါ့” ကြောင်နက်လေးက သူ၏ အမွေးထူ အမြီးကို ယမ်းနေသည်။ “ဖိုးဖိုး”ဟူသော စကားလုံး၏ သူမ ဆိုလိုရင်းကို သိသူ ဆိုလို့ ကြောင်နက်လေးသာ ရှိ၏။
“ဒါဆို ဒီလိုပေါ့” သူမ မျက်လုံးများက အောက်စိုက်သွားပြီး သူမရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ ရင်ဘတ်အတွင်းမှာ နွေးထွေးသည့် ခံစားချက်က ဖြာထွက်လို့နေသည်။ သူမ အရင်တုန်းက တခါမှ မခံစားဖူးသည့် ခံစားချက် ဖြစ်သည်။
အနည်းငယ် ခါးသက်ပြီး, အနည်းငယ် နွေးထွေး၏။ သူမက သည်ခံစားချက်ကို သဘောကျသည်။
ဂျန်ဝုယောင်းက သူမကို မေးခဲ့သည်။ မိုရွှမ်ဖေးနှင့် ဘိုင်ယန်ရှင်းအန်က စေ့စပ်ပွဲဖျက်သိမ်းဖို့ လာတုန်းက စိတ်ဆိုးသလား မဆိုးဘူးလားဟူ၍။
သူမနှလုံးသားအတွင်းမှ ဖြေဆိုခဲ့သည်က “ဘာလို့ သူမက စိတ်ဆိုးသင့်သလဲ”ဟူ၍ ဖြစ်၏။
သူမအတွက် အတိတ်မှာ ကျန်ခဲ့သည့် သည်ခန္ဓာကိုယ်က သူမအနေဖြင့် ဘာမှ လုပ်စရာ မလိုတော့ချေ။ လင်းအိမ်တော်သည်ပင် သူမနှင့် များစွာ မသက်ဆိုင်ချေ။ ထို့ကြောင့် သူမက စိတ်ဆိုးဖို့ရန် မလိုအပ်တော့ချေ။ သို့သော်လည်း အခုတော့ အကြောင်းအရာများက ကွဲပြားခြားနားကြလေပြီ။
ဂျန်ရှင်းယန်၏ စကားသံက သူမခေါင်းထဲဝယ် ပဲ့တင်ထပ်နေ၏။ သူမကို ဆေးတိုက်ဖို့ မပြတ်မလပ် နားပူနားဆာလုပ်ခြင်း၊ သူမပြုံးပျော်အောင် ရယ်စရာလုပ်ပြခြင်း၊ သည်အရာများက သူမအတွက် အစိမ်းသက်သက်သာ ဖြစ်ခဲ့သည်။