၉၇။ ရူလင်း စစ်တပ် - ၂
ဂျန်ဝုရှီက ဂျန်ချင်းနှင့် အတူ လှည့်ပတ်ကြည့်ရှုဖို့ တုံ့ဆိုင်းဆိုင်း ဖြစ်မနေပေ။
သန့်ရှင်း တောက်ပြောင်သည့် အဝတ်သစ်ကို လဲလှယ်ပြီးနောက် ဂျန်ချင်းက သူ့ဘီးတပ်ကုလားထိုင်ပေါ်သို့ ပြန်တက်လိုက်သည်။ လောင်ချီက သူ့ကို လင်းအိမ်တော်၏ ဂိတ်တံခါးသို့ တွန်းလာခဲ့သည်။ ထို့နောက် မြင်းဆွဲ ရထားလုံးထဲသို့ ဂျန်ဝုရှီနှင့် အတူ ဝင်သွားသည်။
ရထားလုံးက နေပြည်တော်တခွင်ကို အတော်ကြာအောင် လှည့်ပတ်လို့ သွားနေသည်။ ဂျန်ဝုရှီက ပျားပန်းခတ်မျှ စည်ကားနေသည့် မြို့တော်ကို စိတ်လည်း မဝင်စားသလို ဂရုတစိုက်လည်း ကြည့်ရှူမနေပေ။ မြို့တော်က သူတို့၏ ကုန်စည်များကို အော်ဟစ်ရောင်းချနေသည့် ကုန်သည်များ, စကားစမြည် စေ့စပ်ပြောဆိုနေကြသည့် လူများဖြင့် ပျားပန်းခတ်နေသည်။ တစ်ချိန်လုံး, သူမ မျက်လုံးများက အောက်စိုက်နေပြီး သူမပေါင်ပေါ်တွင် ထိုင်နေသည့် ကြောင်လေးကိုသာ သူမက တယုတယ လုပ်နေခဲ့သည်။
ဂျန်ချင်းက ဂျန်ဝုရှီကို ကြည့်နေရင်း, သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ဂျန်ဝုရှီက ငယ်စဉ်ကတည်းက စကားနည်းသူ ဖြစ်ခဲ့သည်။ သို့သော် သည် ဖွံ့ဖြိုးစ မိန်းကလေး၏ သို့ကလောက် တစ်ယောက်တည်းတည်း တိတ်ဆိတ်စွာ နေတာကို မြင်ရတော့ သူက တစ်ချက်တော့ စိုးရိမ်ပူပန်မိသည်။
အချိန်အတော်ကြာတော့, ရထားလုံးက နောက်ဆုံးတွင် ရပ်တန့်သွားသည်။ လောင်ချီက ဂျန်ချင်းကို ရထားလုံးပေါ်မှ ဆင်းသက်နိုင်ရန် ကူညီပေးသည်။ ဂျန်ဝုရှီက ဆင်းလိုက်လာသည်။
ရထားလုံးမှ ထွက်ပြီးနောက်, သူမ ဘယ်ရောက်နေလဲ သိချင်၍ ကြည့်လိုက်လျှင် သူမ အံ့အားသင့်သွားသည်။
မီတာအတော်ဝေးဝေးမှာ, စစ်စခန်းတစ်ခု ရှိနေသည်။ ဂျန်ဝုရှီက နောက်သို့ လှည့်ကြည့်လိုက်လျှင် အတော်ဝေးဝေးမှာ နေပြည်တော် တည်ရှိနေတာကို တွေ့မြင်လိုက်ရသည်။ မသိလိုက်မသိဘာသာဖြင့် မြင်းဆွဲ ရထားလုံးက နေပြည်တော်အပြင်ဘက်သို့ သူတို့ကို ဆောင်ယူလာခဲ့သည်။