၃၀။ ပျောက်ကင်းစေသည့် လက်များ - ၄
ဂျန်ဝုရှီက အနည်းငယ် လန့်သွားပြီး သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
သူက ပေါ့ပေါ့ပါးပါးဖြင့် အနီးဆုံး ကုလားထိုင်ရှိရာသို့ သွားထိုင်၍ ပျင်းတွဲတွဲဖြင့် သူ့ခေါင်းကို နောက်သို့ လှန်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ထိန်းထားကာ သူမအား ဆွဲဆောင်သည့် အပြုံးကို ပြုံးပြသည်။ သူ၏ အိစက်ညက်ညောသော နက်မှောင်သည့် ဆံပင်များက ချောမောခန့်ညားသော မျက်နှာ၏ တဖက်တချက်ဝယ် တွဲလောင်းကျနေသည်။
သူ့ပုံရိပ်က မကောင်းမှုကို ကျူးလွန်ချင်စရာပင်။
ဂျန်ဝုရှီက သူ့ကို ရက်အနည်းငယ် မတွေ့မြင်ခဲ့ရပေ။ သူ့တည်ရှိမှုကို မေ့သလောက်ပင် ဖြစ်နေသည်။ သူက ရုတ်တရက် ပေါ်လာလိမ့်မည်ဟူ၍ သူမက မစဉ်းစားခဲ့ပေ။
သူ ပေါ်လာသည်နှင့် မသိသာလှသော သွေးနံ့က ကပ်ပါလာခဲ့သည်။ သွေးနံ့ခပ်ပါးပါးမှ တပါး စူးရှရှ ဆေးဖက်ဝင်အနံ့များက ဖုံးလွှမ်းထားသည်။ အနံ့ခံကောင်းသည့် သူမနှာခေါင်းကတော့ သွေးနံ့ ဖျော့ဖျော့ကို အနံ့ခံမိသည်သာ။
ဂျန်ဝုယောင်းက သူမကို ပျော်ရွှင်ကျေနပ်စွာ ကြည့်မိသော်လည်း သူမက မျက်မှောင်ကြုတ်ကာ သူမနှာခေါင်းကို လက်ဖြင့် ကာထားသည်ကို တွေ့မြင်ရလျှင် သူ့အမူအရာက ကျိုးကြေသွားမတတ် ဖြစ်သွားရသည်။ သူ၏ ခန့်ညားသည့် အပြုံးက အေးခဲသွားရသည်။
“နောက်တခါဆိုရင်, သွေးနံ့ကို အကုန်အစင် မဖယ်ရှားခဲ့ရင်, ရှင့်ကို ဆေးစပ်ခန်းထဲကို ဝင်ခွင့်မပြုတော့ဘူး။” သူမက မျက်မှောင်ကြီးကုတ်ကာ သူ့ကို သတိပေးသည်။ သူက ဘယ်ကနေ ပြန်လာခဲ့သလဲ သူမ ဂရုမစိုက်ချေ။ သူက သူမနှင့် လင်းအိမ်တော်ကို မစော်ကားသရွေ့ သူလုပ်ချင်ရာ လုပ်ခွင့်ရှိသည်။
ဂျန်ဝုယောင်းက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူမအား ဝမ်းနည်းကြေကွဲဟန်ဖြင့် ကြည့်လိုက်သည်။