၁၁၃။ တိမ်ပျံအချက်ပြမီး - ၄
ရူလင်းစစ်တပ်တစ်ခုလုံးက စုစည်းရောက်ရှိနေလေပြီ။
မြို့တော်တောက်လျှောက် လွှမ်းခြုံနေသည့် မီးတုတ်ရောင်များက, ရူလင်းစစ်တပ်သည် နေပြည်တော်ကို အပြည့်အဝ ထိန်းချုပ်ထားသည်ဟူ၍ ပြသနေသည်။
“ဂျန်ဝုရှီ, ဒါက ဘာသဘောလဲ” မိုရွှမ်ဖေးက ဘုရင်ကြီးနောက်မှာ ရပ်နေရင်း အော်ဟစ်ပြောဆိုသည်။ သူ့ရှေ့မှာ ရှိသည့် မြင်ကွင်းကို သူက မယုံကြည်နိုင် ဖြစ်နေ၏။
ဂျန်ဝုရှီက ခေါင်းမော့လာသည်။ တဖျတ်ဖျတ်လင်းလက်နေသည့် မီးတုတ်ရောင်အောက်တွင်, သူမအလှက အသက်ရှူမှားလောက်သည်။ သူမမျက်လုံးများမှ ငဲ့ညှာခြင်းမရှိ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ထွက်ပေါ်နေသည်။
“လင်းအိမ်တော်က, ဘုရင်ကြီးအမိန့်တော်အတိုင်း, ဒုတိယမင်းသားလေးကို တိုက်ခိုက်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးခဲ့ပါတယ်။” ဂျန်ဝုရှီက အေးစက်စွာ ပြန်ပြောသည်။
“နင်က ဘာ အရူးကျတဲ့ စကားတွေကို ပြောနေတာလဲ” မိုရွှမ်ဖေးက မယုံကြည်နိုင်သည့် အမူအရာဖြင့် ဂျန်ဝုရှီကို စူးစူးရဲရဲ ကြည့်သည်။
ဒုတိယမင်းသားလေးကို တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်က အချိန် အတော်ပင် ကြာခဲ့ပြီ။ ဂျန်ရှင်းယန်ကို ဖြေရှင်းဖို့ လွှဲအပ်ခဲ့သော်လည်း မည်သို့မျှ အကြောင်းမထူးခဲ့ပေ။ ထို့ပြင် လူတိုင်းက သည်ကိစ္စကို မေ့သလောက်ပင် ဖြစ်သွားခဲ့ပြီ။
“လင်းအိမ်တော်က အရှင်မင်းကြီးရဲ့ အမိန့်ကို အကောင်အထည်ဖော်ပြီး လက်သည်တွေကို ကွပ်မျက်သုတ်သင်လိုက်ပါပြီ။” ဂျန်ဝုရှီက ဒေါသအိုးပေါက်ကွဲနေသည့် မိုရွှမ်ဖေးကို လျစ်လျူရှူကာ သူမ၏ ဒေါသမီးတောက်လောင်နေသည့် မျက်လုံးများဖြင့် နဂါးဝတ်ရုံရှင် ပုံရိပ်ကို ကြည့်ကာ ပြောသည်။
ထိုသို့ ကြေညာပြီးသည်နှင့် ရူလင်းစစ်တပ်က ရာပေါင်းများစွာသော အလောင်းများကို ဂိတ်တံခါးရှေ့တွင် စုပုံချထားလိုက်သည်။ သူတို့သွေးများက စီးဆင်းနေတုန်းပင် ရှိ၍ မြေပြင်ပေါ်တွင် သွေးအိုင်ပင် ဖြစ်ပေါ်လာသည်။