၅၄။ ထူးဆန်းသည့် ကျင့်စဉ် - ၁
ကြာပန်းလေးက တရှုံ့ရှုံ့ဖြင့် ငိုကြွေးနေ၏။ သူက ပြန်လည် ကန့်ကွက်သည်။ “ဒီ.... ဒီစာအုပ်တွေက အသုံးမဝင်တာ မဟုတ်ပါဘူး.....”
(ဟမ့်)
ကြောင်နက်လေးက သူ့လက်ဖဝါးဖြင့် စားပွဲပေါ်ရှိ စာအုပ်ပုံတွင် အပေါ်ဆုံးရှိ စာအုပ်ကို စားပွဲအောက်သို့ ပုတ်ချလိုက်သည်။ စာအုပ်က ဘုတ်ခနဲ ပြုတ်ကျသွားသည်။
“မလုပ်ရဘူး.........” ကြာပန်းလေး၏ မျက်နှာက ဖြူရော်သွားသည်။ သူက ရှေ့သို့ ကသုတ်ကရက် ပြေးတက်ကာ စာအုပ်ကို လှမ်းဖမ်းလိုက်သည်။ သူက စာအုပ်ကို ရင်ခွင်ပိုက်ထားလိုက်သည်။
ကြောင်နက်လေးက မျက်မှောင်ကြုံ့သွားသည်။ ကြာပန်းလေးက ရဲရဲတင်းတင်းဖြင့် သူ့အား အသနားခံအကြည့်ဖြင့် ကြည့်နေသောကြောင့် ဖြစ်သည်။
ရွှက်.... ကြောင်နက်လေးက ကြာပန်းလေးကို လျစ်လျူရှူလိုက်ပြီး နောက်တစ်အုပ်ကို စားပွဲပေါ်မှ ပုတ်ချလိုက်သည်။
ကြောင်နက်လေးက တစ်အုပ်ပြီး တစ်အုပ် စားပွဲပေါ်မှ ပုတ်ချလျှင် ကြာပန်းလေးက ကသုတ်ကရက်ဖြင့် လိုက်လံ ဖမ်းယူလေ၏။ သူ့မျက်နှာမှ မျက်ရည်စများက လွင့်စင်ကုန်သည်။ သူ့ခြေထောက်တိုတိုလေးများဖြင့် အပြေးအလွှား လိုက်လံကောက်ယူနေခဲ့သည်။ သူ၏ ကြိုးစားမှုက ခါးသက်နေသည်။
“တော်လောက်ပြီ” ဂျန်ဝုရှီက နောက်ဆုံးတွင် ပြောလာသည်။ သူမက ဇာချဲ့နေသည့် သူတို့ နှစ်ယောက်ကို ဟန့်တားလိုက်သည်။
ကြာပန်းလေးက ကြမ်းပြင်ပေါ်တွင် ဟောဟဲလိုက်ကာ လဲကျနေ၏။ သူ့လက်နှစ်ဖက်ဖြင့် စာအုပ်အချို့ကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ သူက စာအုပ်များကို ကာကွယ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
“ဘာလို့ နင်က ဒီစာအုပ်တွေကို ဒီလောက် တွယ်တာနေရတာလဲ၊ နင်က ဒီစာအုပ်တွေနဲ့ ဘာလုပ်မလို့လဲ” ဂျန်ဝုရှီက လက်ပိုက်လျက် ကြမ်းပြင်ပေါ်တွင် တရှုံ့ရှုံ့ငိုကြွေးနေသည့် ကြာပန်းလေးကို သိမ်းကျုံးကြည့်လိုက်သည်။