Season-3 Ep(8)

677 39 0
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၈)

"ဘာ...မှော်စာအုပ်ဟုတ်လား"

နေခစကားအဆုံး ကိုမင်းခေါင်က အံ့ဩတုန်လှုပ်စွာပင် ရေရွတ်လိုက်၏။ ထို့နောက်ဝမ်းသာအားရ ဖြစ်သွားဟန်ဖြင့်..

"မှော်စာအုပ်ဟာတကယ်ပဲ မှော်တိုင်းပြည်ဆီ ဦးတည်သွားနေတာကို ဒါဆိုရင် ငါတို့လိုက်တဲ့လမ်းကြောင်းမမှားတော့ဘူး"

"ဟုတ်တယ် အစ်ကိုကြီး ကျုပ်တို့လက်ထဲ ရောက်လုခါနီးမှလုပြေးသွားခဲ့တဲ့လူက အဲ့ဒီ့ကောင်မလေးဖြစ်ပုံရတယ်"

ကိုမင်းခေါင်နှင့်အဖော်ပါလာသည့် မောင်ထွဋ်ဆိုသူကပါ ဝင်ပြောလိုက်သည်။ ကြည့်ရသည်မှာ မှော်စာအုပ်သဲလွန်စရသွား၍ မဖုံးမဖိနိုင်အောင် ဝမ်းသာသွားကြသည့်ပုံပင်။

"ဒါနဲ့နေပါဦး ကိုမင်းခေါင်ပြောတော့ ဆရာ့ဆန္ဒအတိုင်း မှော်စာအုပ်ကိုမှော်တိုင်းပြည်မှာ ပြန်ထားပေးဖို့လိုက်ရှာခဲ့တာဆိုအခုမှော်စာအုပ်က သူ့နေရာဆီကိုပြန်သွားနေပြီလေ ဘာလို့သက်စွန့်သက်ဖျားလိုက်နေသေးသလဲဗျာ"

ရုတ်တရက်ဆိုလိုက်သောဟန့်စကားက ကိုမင်းခေါင်ကိုအရိူက်ထိသွားစေပုံရသည်။ မျက်နှာကြီးပျက်ကျသွားလျက်နှင့်

"ငါ့သက်တမ်းရဲ့တစ်ဝက်နီးပါးလုံး မှော်စာအုပ်ကို လိုက်ရှာဖို့အချိန်ပေးခဲ့ရတယ် ဒါကြောင့် ဘာဘဲဖြစ်ဖြစ် မှော်စာအုပ်ကိုလက်ထဲ ခဏလောက် ထိတွေ့ပိုင်ခွင့်တော့ရှိသေးတာပဲ စာအုပ်ကိုတောင်မမြင်တွေ့ရသေးဘဲနဲ့ သူ့နေရာပြန်ရောက်သွားခဲ့ရင် ငါပေးဆပ်ခဲ့ရတဲ့အချိန်တွေဘယ်တန်ပါ့မှာလဲကွာ"

"အေးဗျာ... အစကဒီမှော်စာအုပ်က ကျိန်စာဆိုးတွေနဲ့ မပတ်သက်သင့်ဘူးလို့ခင်ဗျားပဲ ပြောတယ် အခုကျပြန်တော့လို့ ကျိန်စာမကြောက် ဘာမကြောက်နဲ့ သူ့နေရာသူပြန်သွားနေတဲ့ စာအုပ်နောက်ကို အသဲအသန်လိုက်နေပြန်တယ် ရည်ရွယ်ချက်က စာအုပ်ကိုမြင်တွေ့ဖူးချင်ရုံ သက်သက်ပဲလား ကျွန်တော်တော့ ခင်ဗျားအတွေးတွေကို လိုက်မမီနိုင်တော့ဘူး"

မထိတရိအပြုံးနှင့် ဟန်ကခနဲ့တဲ့တဲ့တုန့်ပြန်ပြောဆိုလိုက်ပြန်တော့ ကိုမင်းခေါင်မှာ ခွေးအကြီးလည်နင်သကဲ့သို့ဖြစ်သွားကာ အောင့်သက်သက်နှင့် ငြိမ်သွားသည်။

မှော် (ေမွာ္)Where stories live. Discover now